သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မှာ စစ်တပ်နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်ဖြစ်


ကော့ကရိတ် မြို့
ကော့ကရိတ် မြို့

ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ပြည်သူ့ ကာကွယ်ရေး PDF တပ်စတဲ့ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေကြား ဒီနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာလဲ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ကော့ကရိတ်မြို့နယ်ထဲက ရုန်းကုန်း၊ တံတားဦး၊ မြို့တော်ဦး၊ မြို့တွင်း တရုတ်ဘုံကျောင်းလမ်းမနဲ့ မြို့ပြင် ချောင်းတောင်လမ်း၊ ရေလည်ကုန်းလမ်းပိုင်း တွေဖက်မှာ ပူးပေါင်းတပ်တွေနဲ့ စစ်တပ်ဘက်က ခြေလျင်တပ်ရင်း ခလရ ၉၇ တပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ခုလို ၂ ဖက် တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဒေသခံ ၂၀၀ လောက် စစ်ဘေးရှောင် ပုန်းခိုနေတဲ့ တောင်ပေါ်ဘုန်းကြီးကျောင်းမှာ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေပါ ဝင်ရောက်တပ်စွဲနေတဲ့အတွက် ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတယောက်က ခုလို ပြောပြပါတယ်။

"ကော့ကရိတ်မှာ တိုက်ပွဲတွေဖြစ်တဲ့အခါကျတော့ မြို့ထဲမှာနေတဲ့သူတွေရော၊ မြို့ပြင်မှာနေတဲ့လူတွေ ရော၊ ရွာမှာနေကြတဲ့သူတွေရော အကုန်လုံး တောင်ပေါ်ကျောင်းမှာ သွားပုန်းကြတယ်ပေါ့၊ စစ်ဘေး ရှောင်ကြတာပေါ့၊ လူ ၂ ရာလောက်ရှိတယ်၊အဲဒီမှာ စစ်တပ်ရော၊ PDF တွေရော တပ်စွဲထားတာ တွေရှိတယ်။ သူတို့က လူထုကြားမှာ ရောပါလာတာလားမသိ၊ တပ်စွဲထားတာ၊ ပြန်ပြေးမယ်ဆို တော့လည်း အပြေးမခံဘူး၊ လူထုကြားထဲမှာ ဓားစားခံလို ညှပ်ထားတဲ့ပုံစံဖြစ်နေတာ"

ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ကော့ကရိတ်၊ မြဝတီ၊ ဘားအံ၊ မော်လမြိုင်၊ သွားတဲ့ လမ်းတွေလည်း ဆက်ပိတ်နေပါတယ်။ ဒါကြောင့်ခရီးသွားတွေ ကားတွေ လမ်းပေါ် ပိတ်မိနေပြီး ခရီးမဆက်နိုင်ကြဘူး ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ဘက်ကို ပြန်လာမယ့် သူတချို့လည်း လမ်းခရီးအခြေအနေ မကောင်းတာကြောင့် ပြန်လာမရဲကြဘူးလို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားညီနောင် မဟာမိတ် ၃ ဖွဲ့က စစ်တပ်အပေါ်ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေး ၁၀၂၇ ကို အောက်တိုဘာ ၂၇ ရက်က စတင်တာနဲ့ အချိန်ကိုက်ပြီး ကရင်ပြည်နယ် ဖက်မှာလည်း ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီပစ်မှတ်တွေအပေါ် တပြိုင်ထဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မနေ့တုန်းက ကော့ကရိတ်မြို့နယ်ထဲက စရဖရုံး၊ ရဲသတင်းတပ်ဖွဲ့ရုံးတွေကို တိုက်ခိုက်ခိုက်ပြီး တိုက်ပွဲ တွေ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း PDF တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့တယ်လို့ ပူးပေါင်း တပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးက VOA ကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG