သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့သောင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင် ၃၀၀ လောက် ထွက်ပြေးလာ


ကော့သောင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင် (ဧပြီ ၁၆၊ ၂၀၂၃)b
ကော့သောင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင် (ဧပြီ ၁၆၊ ၂၀၂၃)b

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဧပြီ ၁၆ ရက် ညနေပိုင်းက ခမောက်ကြီး မြို့နယ်အတွင်းမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်၂ ဦးကို ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်မူတွေဖြစ်အပြီးမှာ စစ်ကောင်စီတပ်တွေ လာရောက်မှာစိုးတဲ့အတွက် ဒေသခံ ၃၀၀လောက်ဟာ ထိုင်းနိုင်ငံ၊ ရနာင်းဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ထဲမှာ မနေ့ ဧပြီလ ၁၆ ရက် ညနေပိုင်းက PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦိးဖြစ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်းနဲ့၊ ဒုခေါင်းဆောင် မြင့်အောင်တို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ သူတို့ ၂ ဦး သတ်ဖြတ်ခံလိုက်ရတာကြောင့် အဲဒီဒေသက ကျေးရွာသား ၃၀၀ ကျော်ဟာ ကရပူရီမြစ်ကို လှေနဲ့ကူးဖြတ်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရပူရီမြို့နယ်၊ နမ့်ကျစ်အုပ်စု၊ ဘန့်ဟိုထနွန် ရွာဘက်ကို ထွက်ပြေးသွားကြတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“ဧပြီလ ၁၆ရက်နေ့တုန်းကတော့ ညနေပိုင်းက ကေ့ာသောင်း ပကဖ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က မစ်ရှင်တခုသွားလုပ်တယ်။ ပြည်သူ့စစ်ကဆိုပြီး လူ ၂ယောက်ကို သွားရှင်းလင်းတယ်။ သူတို့ ရှင်းလင်းပြီးတဲ့အခါမှာတော့ သေနတ် ၃လက်နဲ့ လက်နက် ခဲယမ်းတချို့ကို သိမ်းဆည်းမိတာပေါ့။ ပြေးတဲ့အခါမှာ သေနတ်ပစ်သံတွေကြားတော့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူစစ်တွေကို ရှင်းလင်းပြီးတော့ ဒေသခံတွေက သေနတ်သံတွေကြားတော့ ရွာသား ၃၀၀လောက်က ထိုင်းဘက်ကို ထွက်ပြေးသွားတာပေါ့။”

ထိုင်းဘက်ကို ထွက်ပြေးသွားချိန်မှာတော့ ထိုင်းအာဏာပိုင်တွေက လက်ခံကြိုဆိုခဲ့ပြီး နေရာထိုင်ခင်း၊ အစားအသောက်တွေ ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

“ပြည်သူ့စစ် ၂ယောက် အသတ်ခံရပြီးနောက်ပိုင်း ညနေဘက်မှာ ရွာသား ၃၀၀လောက်က ကြောက်လန့်ပြီး ထွက်ပြေးတာပေါ့။ ဆိုလိုတာက စစ်ကောင်စီက အကြမ်းဖက်လာဖက်မှာစိုးလို့ ထွက်ပြေးသွားတာပါ။ ရွာသားတွေ ထွက်ပြေးတော့ ထိုင်းဘက်ကလည်း အကူညီပေးတာ ရှိပါတယ်။”

ပြီးခဲ့တဲ့ မတ်လ ၁၀ရက် ဝန်းကျင်ကလည်း မြန်မာနိုင်ငံ၊ ကော့သောင်းဘက်ကနေ ထိုင်းနိုင်ငံ၊ ရနောင်းဘက်ကို စစ်ဘေးရှောင်တွေ ထွက်ပြေးလာတာ ရှိခဲ့ပါတယ်။ မတ်လ ၁၂ရက်နေ့ကတော့ ထိုင်းအမှတ် ၂၅ တပ်ရင်းမှူး ဗိုလ်မှူးကြီး Kumipat Boonruangkhao (ကူမိဖတ် ဘွမ်ရမ်ခေါင်) နဲ့ အဖွဲ့ဝင်တွေ လာရောက်ကြည့်ရှုခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ်မှာတော့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်တိုင်း ထိုင်းဘက်ကို စစ်ဘေးရှောင်တွေ ဝင်လာတာရှိပေမယ့် တနင်္သာရီတိုင်းကနေ ရနောင်းဘက်ကို စစ်ဘေးရှောင်တွေ ဝင်လာတာကတော့ ဆယ်စုနှစ် ၂ ခုလောက်အတွင်းမှာ ဒါဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

မြန်မာဘက်က အခြေအနေတွေ ပြန်လည် တည်ငြိမ်သွားရင်တော့ ထိုင်းအာဏာပိုင်တွေက ဒီလူတွေကို နေရပ် ပြန်ပို့လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG