သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်မှာ တိုက်ပွဲပြင်းထန် 


ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်နေ (အောက်တိုဘာ ၂၀၂၃) ဓာတ်ပုံ - ကျားဖြူစစ်ကြောင်း
ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်နေ (အောက်တိုဘာ ၂၀၂၃) ဓာတ်ပုံ - ကျားဖြူစစ်ကြောင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား ၃ ဖွဲ့က ထိုးစစ်ဆင်တိုက်တဲ့ တချိန်ထဲမှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ‌ကျုံဒိုးမြို့နယ်ထဲမှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို မီးရှို့ခဲ့ပါတယ်။ နှစ်ဘက် တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြ၀တီ ဘားအံ မော်လမြိုင်ထိ ကားလမ်းတွေလည်း ယာယီပိတ်ထားပါတယ်။ VOA သတင်းထောက် မအေးအေးမာက အပြည့်အစုံ ဆက်ပြောပြပါမယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ကောင်စီ ပစ်မှတ် ၁၀ ခုထက်မနည်းကို ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက် ၃ ဖွဲ့က အငိုက်ဖမ်း တိုက်ခိုက်ခဲ့ချိန် တောင်ပိုင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ‌ကျုံဒိုးမြို့နယ်ထဲမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံ စရဖရုံးနဲ့ ရဲသတင်းတပ်ဖွဲ့ရုံး မီးလောင်ပျက်စီးသွားတယ်လို ပူးပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တယောက်က VOA ကို ခုလိုပြောပါတယ်။

"မြို့တွင်းတိုက်ပွဲဖြစ်တာပေါ့နော် မြို့တွင်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့ကျနော်တို့ ကေအန်အယ်လ်အေ KNLA /PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တာပေါ့နော်။ စရဖ ရုံးနဲ့ SB ရုံးတွေကို ကျနော်တို့က မီးရှို့ ဖျက်ဆီးလိုက်တယ်၊ အဲဒီမှာ တိုက်ပွဲကတော့ နည်းနည်းကြီးတယ် အဲဒီဒေသခံလူထုတွေကတော့ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ အိမ်တွေကလည်း ဗုံးခိုကျင်းတွေတူးပြီးနေထိုင်နေကြတယ်၊ ကော့ကရိတ်မြို့ တွင်းကတော့ အသွားအလာမရှိသလောက်ဖြစ်သွားတယ်၊ ခလရ ၉၇ ကတော့ နေပူခံကုန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်"

ကော့ကရိတ် မြို့တွင်း၊ မြို့ပြင်မှာ ၂ ဖက် တိုက်ပွဲတွေ ဒီနေ့ သောကြာနေ့ မနက်ကနေ နေ့လည်ပိုင်းထိ ရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ၊ ဖမ်းမိထားသူတွေရှိကြောင်းနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရမိထားတယ်လို့လည်း ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်တဲ့အတွက် မြ၀တီမြို့ကနေ ဘားအံ မော်လမြိုင်ထိ ကားလမ်းတွေလည်းပိတ်ထားပြီး ကားတွေ လမ်းမှာရပ်နားထားရတယ်လို့ ကုန်သည်တဦးကလည်း ပြောပါတယ်။

"မနက် ၅ နာရီကျော်လောက်ကနေ ဖြစ်နေတာပေါ့နော်၊ အခုကတော့ စစ်ကောင်စီဘက်ကစစ်ကြောင်း နှစ်ကြောင်း ဝင်လာပြီး ရှင်းလင်းနေတယ်၊ အခုကတော့ကော့ကရိတ်နဲ့ ကျုံဒိုးကြားက ကိုးတိုင်နဲ့ငါးတိုင်ကြားက လမ်းကိုတော့ပိတ်ထားတယ် အဲဒီမှာကားတွေကို ပိတ်ထားတယ်"

ကော့ကရိတ်၊ ကော့နွဲ၊ ကိုးတိုင်၊ ကြာအင်း၊ ကျုံဒိုး၊ ကျားကလေး၊ မော်လမြိုင် အထိလမ်းတွေ ပိတ်နေပြီး ခရီးသွားပြည်သူတွေနဲ့ ကုန်သည်တွေလည်း ပစ်ခတ်မှုတွေကြောင့် စိုးရိမ်နေပြီးလမ်းမှာပဲ ကားတွေရပ်နားထားရတယ်လို့ ပြောကြပါတယ်။ ကော့ကရိတ်မြို့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မူ့ကြောင့် ဒေသခံတွေလည်း ထိခိုက်မူတွေရှိတယ်လို့ သိရပေမယ့် အသေးစိတ်ကိုတော့မသိရသေးပါဘူး။

ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း ဆင်းကုန်းကျေးရွာနဲ့တံတန်ကူးကျေးရွာအနီးမှာ အောက်တိုဘာလ ၂၄ ရက်နေ့က လည်း စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇၊ တပ်မ၂၂ လက်အောက်ခံ ခမရ ၂၀၁၊ ခလရ ၂၃၁ တို့နဲ့လည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ခမရ- ၂၀၇ တပ်ရင်းမှူး အပါအဝင် ၁၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ၈ဦးလောက်ရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတချို့ရှိခဲ့တယ်လို့ ကေအန်ယူက လည်းသတင်းထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကော့ကရိတ်မြို့နယ် ဆင်ကုန်း၊ မောင်းမရွာသစ်၊ ကမိုင်ကုန်းရွာသစ်နေရာတွေကို ၃ ကြိမ် လေကြောင်းတိုက်ခိုက်မူတွေလည်းလုပ်ခဲ့ပါတယ်။

XS
SM
MD
LG