သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေး ၁၀၂၇ စတင် 


၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား
၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား

ကိုးကန့် ၊ တအာင်း နဲ့ ရက္ခိုင် တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က စစ်ဆင်ရေး ၁၀၂၇ ကို စတင်ကြောင်း ဒီနေ့အောက်တိုဘာ ၂၇ ရက်မှာ ကြေညာပြီး ချင်းရွှေဟော်မြို့ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းက နေရာ ၁၀ နေရာခန့်ကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းဖြစ်တဲ့ လားရှိုး-မူဆယ်နဲ့ လားရှိုး- ချင်းရွှေဟော်လမ်းမတွေကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်းနဲ့ ဖြတ်သန်းသွားရင် ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း ကိုးကန့်တပ်က ကြေညာထားပါတယ်။ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင်တင်ပြပါမယ်။

ကိုးကန့် (MNTJP/ MNDAA) ၊ တအာင်း(PSLF/ TNLA) နဲ့ ရက္ခိုင် ( ULA/AA ) တို့ပါဝင်တဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြည်သူတွေကို ကာကွယ်ရေး၊ မိမိတို့ဒေသကို ပိုမိုထိန်းချုပ်နိုင်ရေး ၊ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကို ကာကွယ်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ ကျဖျင်ခေါ် online လိမ်လည်မှုများ ပပျောက်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ စစ်ဆင်ရေး ၁၀၂၇ ကို စတင်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဒီလိုကြေညာခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတော်များများမှာ တိုက်ပွဲတွေ စတင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်း(PSLF/ TNL)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က ပြောပါတယ်။

“ တိုက်ပွဲကတော့ အဓိကကတော့ ချင်းရွှေဟော်ဘက်မှာဖြစ်တယ်။ ဒီ နမ့်ခမ်းမြို့နယ်ရယ်၊ ဒီလားရှိုးမြို့နယ်ရယ် ဒီနေ့ဖြစ်ပွားတာဖြစ်တယ်။ မနေ့ကတော့ မိုးကုတ်မြို့နယ်နဲ့ နောင်ချိုမြို့နယ်မှာ စဖြစ်တာပေါ့။ လားရှိုးမှာဆိုရင် ၃နေရာ၊ ၄နေရာလောက်တော့ ရှိတယ်။ နမ့်ခမ်းဘက်လည်း ၂ နေရာ ၃နေရာတော့ ရှိတယ်။ အလားတူ ချင်းရွှေဟော်လည်း ၃- ၄ နေရာလောက်တော့ ရှိတယ်လို့ အကြမ်းဖျဉ်းတော့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး။”

ချင်းရွှေဟော်နဲ့ လားရှိုးဘက် တိုက်ပွဲတွေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တာရှိကြောင်း ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ချင်းရွှေဟော်မြို့ကို ကိုးကန့် MNDAA က သိမ်းယူလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

“ ချင်းရွှေဟော်ဘက်ကတော့ ကျနော်တို့ မသိရသေးဘူး။ Update မရသေးဘူး။ စခန်းအနေနဲ့ကတော့ မနေ့က နောင်ချိုမြို့နယ်ထဲက သံဘိုကျေးရွာမှာရှိတဲ့ တပ်စခန်းတခု သိမ်းပိုက်ရတာတော့ ရှိတယ်။ ဒီမနက်မှာတော့ နမ့်ခမ်းမြို့နယ်မှာရှိတဲ့ ၁၃မိုင် တာဝါတိုင်စခန်းပေါ့ ။ အဲဒီမှာ တနေရာ သိမ်းမိရတာတော့ ရှိတယ်။ ကျန်တဲ့ဟာတော့ အကုန်လုံး Update မရသေးဘူးပေါ့။”

ဒီစခန်းတွေဟာ အဓိက တအာင်း(TNLA)တပ်က သိမ်းယူခဲ့တဲ့ စခန်းတွေဖြစ်ပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ချင်းရွှေဟော်၊ ကွမ်းလုံ ၊ မုံးကိုး၊ လားရှိုး၊ နမ့်ကျွမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဒီနေ့ မနက် ၅ နာရီလောက်မှ တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့် (MNDAA)တပ်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တချို့ကျဆုံးခဲ့တယ်လို့ အတည်ပြုပါတယ်။

“ဒီနေ့မနက်ပိုင်းမှာ ချင်းရွှေဟော်ရယ်၊ လောက်ကိုင်ရဲ့နောက်ဘက်ခြမ်း၊ သိန္နီနားလေးတဝိုက်ရယ်၊ လားရှိုးရဲ့ရှေ့ဘက်ခြမ်းရယ်မှာတော့ ကျနော်တို့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိတယ်။ အဲချင်းရွှေဟော်မှာကတော့ ချင်းရွှေဟော်ထဲမှာရှိတဲ့ ဖောင်ဆိပ်နေရာ၊ နယ်စပ်ကုန်သွယ်ရေး ဖွင့်ထားတဲ့နေရာရယ် ပြီးရင်တော့ အပေါ်ဘက် က တာပတံတားနေရာတွေကိုတိုက်ခိုက်ခဲ့တာရှိတယ်။ အဲမှာတော့ကျနော်တို့ဖောင်ဆိပ်နေရာမှာတော့ ရဲတပ်ဖွဲ့ ဝင်တွေနဲ့ ပြည်သူ့စစ်တွေကျဆုံးခဲ့တာရှိတယ်။ တာပ ဘက်မှာလည်းရဲတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်တွေကျဆုံးခဲ့ တာရှိတယ်။ ပြီးရင်ချင်းရွှေဟော်မြို့ထဲဝင်ပြီး အရင်ကိုးကန့်ဒေသ ခေါင်းဆောင်ဖြစ်တဲ့ ဦးပယ်ဆောက်ချိန်ရဲ့ ဟိုတယ်ကို ဝင်တာရှိတယ်။ ဝင်ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို နမ့်တစ် ဘက်ကို ဖမ်းဆီးခေါ် ဆောင်သွားတာရှိတယ်။”

လောက်ကိုင်ရဲ့အနောက်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတာမှာ စစ်တပ်စခန်းတွေ မကျပေမဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်စခန်း ၂ ခု ကျသွားတယ်လို့လည်း စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ ချင်းရွှေဟော်၊ ကွမ်းလုံဘက်မှာ MNDAA က တိုက်ခိုက်နေပြီး လားရှိုး ၊ သိန္နီ ဘက်မှာတော့ TNLA နဲ့ AA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီနေ့ တိုက်ပွဲတွေအကြောင်းမေးဖို့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် MNDAA ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး ။

ကိုးကန့်ဒေသခံတဦးကတော့ ချင်းရွှေဟော်ကို MNDAA က သိမ်းယူလိုက်သလို လောက်ကိုင်ဘက်မှာလည်း အခြေအနေက ရှုတ်ထွေးနေကြောင်း အခုလို ပြောပါတယ်။

“ ချင်းရွှေဟော်မရောက်ခင် သစ်တပင်ကုန်းမှာပေါ့ ။ အဲဒီကုန်းနားလေးမှာ ဖြစ်တာ။ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်လို့ ။ ချင်းရွှေဟော်ကျတော့ MNDAA အဖွဲ့က ရာဘာတောဂိတ်တွေရော၊ မြို့ထဲတွေရော အကုန်လုံး စခန်းတွေ အကုန်လုံး ဝင်သွားတာပေါ့။ ဖောင်ဆိပ်ဆိုတာ တရုတ်ပြည်က ထွက်တဲ့ စစ်ဆေးရေးဂိတ်ပေါ့။ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တံတားနဲ့ ကပ်ရက် ၊ ကုန်ပစ္စည်းတွေ စစ်ဆေးတဲ့ ဂိတ် အဲဒီဂိတ်ကိုလည်း ဝင်သွားတယ်လို့ ပြောတယ်။ ချင်းရွှေဟော်လည်း အကုန်လုံး ပိတ်ကုန်ပြီ။ အခု လောက်ကိုင်ကလည်း အကုန်လုံး လန့်လို့ အိမ်တံခါးတွေလည်း ပိတ်ကုန်ပြီ။ အခု လောက်ကိုင်မြို့ထဲလည်း ရုတ်ရုတ်ဖြစ်နေတယ် အခု လက်ရှိ။”

တရုတ် မြန်မာနယ်စပ် မူဆယ်မြို့နယ် အရှေ့ပိုင်း ဖောင်းဆိုင်ဘက်မှာလည်း ဒီနေ့ တနေ့လုံးနီးပါး လက်နက်ကြီးပစ်ခတ်သံတွေကြားနေရကြောင်း မုန်းကိုးဒေသခံတဦးက ပြောပါတယ်။

“ မနက် ၃နာရီခွဲထဲက စတာဗျ။ အခုချိန်ထိက လက်နက်ကြီးတွေ ပစ်နေတုံးပဲဗျ။ ဖောင်းဆိုင်၊ ဖောင်းဆိုင်ဘက်ဗျ။”

မုန်းကိုးဒေသခံတွေဟာ နေအိမ်အပြင်မထွက်ဘဲ လုံခြုံရာနေရာမှာ နေထိုင်နေကြရတယ်လို့ ပြောပါတယ်။

လားရှိုးဘက်မှာတော့ ဒီမနက် ၄ နာရီလောက်မှာ လားရှိုးမြို့ အရှေ့မြောက်ဘက်ပိုင်းက တပ်စခန်းတွေကို တိုက်ခိုက်ခဲ့သလို Asia World တိုးဂိတ်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာရှိတယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာအနှံ တိုက်ပွဲတွေ ဖြစ်ပွားနေစဉ်အတွင်း လက်နက်ကြီးကျတာကြောင့် နမ့်ခမ်းမြို့နယ်မှာ ကလေးငယ် ၂ဦးသေဆုံးခဲ့သလို ကွတ်ခိုင်မြို့နယ်မှာ ကလေးတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

လောလောဆည်မှာတော့ လားရှိုး-ချင်းရွှေဟော်လမ်းနဲ့ လားရှိုး- မူဆယ်လမ်းဟာ အသွားအလာတွေ ရပ်ဆိုင်းပြီး နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်နေသလို လားရှိုးလေဆိပ်ကိုလည်း ယာယီပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ လောက်ကိုင်နဲ့ ချင်းရွှေဟော် အပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တချိန်က ကိုးကန့် MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မူးယစ်ဆေးနဲ့ လက်နက်စက်ရုံတွေ ရှင်းလင်းဖို့ ဆိုပြီး မြန်မာစစ်တပ်က MNDAA ကို တိုက်ထုတ်ခဲ့သလို ၂၀၁၅ မှာတော့ MNDAA က ပြန်လည် ထိုးစစ်ဆင်ခဲ့တာကြောင့် တလကျော်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ဖူးပါတယ်။

XS
SM
MD
LG