သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းရွှေဟော်နဲ့ လောက်ကိုင် လုံခြုံရေးအခြေအနေ 


၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား (အောက်တိုဘာ ၂၇၊ ၂၀၂၃)
၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား (အောက်တိုဘာ ၂၇၊ ၂၀၂၃)

စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ တရုတ် မြန်မာနယ်စပ်အပါအဝင် မြန်မာတနိုင်ငံလုံးမှာ ကျယ်ပြန့်နေတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှုတွေ ပပျောက်ရေးအတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တရုတ် မြန်မာနယ်စပ်အဓိက နေရာတချို့ကို ဒီနေ့ အောက်တိုဘာ ၂၇ ရက် ကစပြီး တိုက်ခိုက်ခဲ့တဲ့ အထဲမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက မြို့တွေလည်း ပါဝင်ပါတယ်။ ဒီနေ့နေ့လည်ပိုင်းက အဲဒီဘက်မှာ ဖြစ်နေတဲ့ အခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပါမယ်။

တရုတ်အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတဲ့ မြန်မာစစ်ကောင်စီနဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်တွေကြီးစိုးတဲ့ တရုတ်-မြန်မာနယ်စပ်က အဓိကနေရာတချို့ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဒီကနေ့ သောကြာနေ့ မနက် အစောပိုင်းကစပြီး တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်တဲ့ ချင်းရွှေဟော်မြို့က အကောက်ခွန်ဂိတ်တခုကို ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် MNDAA က ဒီနေ့ မနက်အစောပိုင်းမှာပဲ တိုက်ခိုက်ခဲ့ပြီး မြို့ကိုလည်း ထိန်းချုပ်ထားတယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ မနက် ၁၁ နာရီလောက်မှာတော့ ကိုးကန့်ဒေသ လောက်ကိုင်မြို့နားကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ရောက်လာတယ်လို့ ပြောပါတယ်။ လောက်ကိုင်မြို့ထဲမှာတော့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ပြည်သူ့စစ်တွေက လုံခြုံရေးယူထားတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" လောလောဆယ် မြို့ထဲမှာတော့ ရှုပ်ရှုပ် ရှုပ်ရှုပ်ပေါ့နော်၊ ဆိုင်တွေလည်း အကုန်လုံး ပိတ်ထားတယ်ပေါ့နော်၊ စစ်ရေးသတင်းကြတော့ ကျနော်တို့ လောက်ကိုင်နားလေးတော့ နီးနေပြီပေါ့နော်၊ ချင်းရွှေဟော်ဘက်က လာတာပါ။ လောလောဆယ်တော့ ပြည်သူ့စစ်ပဲ၊ ကိုးကန့်က (စစ်ကောင်စီ) စစ်တပ်ပဲ အဲဒါလေးတွေပဲ အတွင်းထဲမှာ ရှိနေသေးတယ်။ စီးပွားရေးလုပ်ငန်းက ဒီ ကျားဖြန့်မရှိရင် ဒီလောက်ကိုင်မြို့ကလည်း သိပ် စီးပွားရေးလမ်းကြောင်း ဘာမှမရှိတော့ဘူး။ ကာစီနိုရုံ၊ ကျားဖြန့်ခေါ် အလိမ်ကုမ္ပဏီ အဲဒါတွေပဲ များတာပေါ့နော်။ အဲဒါမရှိဘူးဆိုရင် ဒီလောက်ကိုင်မြို့က ဘာမှ လုပ်စားလို့မရတဲ့မြို့ ဖြစ်သွားမှာပေါ့နော်။"

မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး စတဲ့ မြောက်ပိုင်းကမြို့နယ်တွေမှာလည်း ဒီနေ့ တပြိုင်နက်တည်းဆိုသလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။ လားရှိုး ဟိုပိတ်တိုးဂိတ်မှာ ဒီနေ့ မနက် ၆နာရီလောက်မှာ ပစ်ခတ်မှုတွေရှိပြီး လူထိခိုက်၊ သေဆုံးမှုတွေလည်း ရှိတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်းက လူမှုကူညီရေး အဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ လူတွေ ဆွဲထုတ်နေတယ်၊ စစ်ရှောင်တွေပေါ့၊ စစ်ရှောင်တွေပေါ့၊ ဒါပေမဲ့ ဒဏ်ရာရတဲ့သူတွေ ဘာတွေတော့ ကျနော်တို့ သွားထုတ်လို့မရဘူး။ ဒါပေမဲ့ နှစ်ယောက်ကတော့ ဆေးရုံကိုတော့ ပို့ထားပြီ အပြင်းအထန် ဒဏ်ရာတော့ မဟုတ်ဘူးဗျ။ လာရှိုး မချီးဦးဘက်က။"

တရုတ်အစိုးရဟာ အွန်လိုင်းရာဇဝတ်မှုတွေကို ပြတ်ပြတ်သားသား ရှင်းလင်းသွားမယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ မြန်မာစစ်ကောင်စီ၊ UWSA 'ဝ' နဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တာဝန်ရှိသူတွေကို သူနဲ့ပူးပေါင်းဖို့ တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်နေသူ ၅၀၀၀ ထက်မနည်းကို ဖမ်းမိခဲ့တယ်လို့ တရုတ်အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG