သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ထုံခါ ရဲဘက်ကင်းစခန်းတွေ တိုက်ခိုက်ခံရ


တနင်္သာရီမြို့နယ် ၊ ထုံခါကျေးရွာ ထုံခါ ရဲဘက်အကျဉ်းစခန်း (photo: C J)
တနင်္သာရီမြို့နယ် ၊ ထုံခါကျေးရွာ ထုံခါ ရဲဘက်အကျဉ်းစခန်း (photo: C J)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက ထုံခါ အကျဉ်းစခန်းအတွက် လုံခြုံရေးယူထားတဲ့ ကင်းစခန်းတွေကို ကော်သူးလေအာမီ(KTLA) ထီးစမယ်ရွာ တပ်ရင်း တပ်ခွဲ(၄)နဲ့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ တနင်္သာရီမြို့နယ်ထဲမှာ ဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၆,၀၀၀ စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာအနီးက ထုံခါရဲဘက်အကျဉ်းစခန်းအတွက် လုံခြုံရေးယူထားတဲ့ တပ်စခန်းတွေအပေါ် အောက်တိုဘာ ၅ ရက်နေ့က ကော်သူးလေအာမီ(KTLA) ထီးစမယ်ရွာတပ်ရင်း တပ်ခွဲ(၄)နဲ့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကော်သူးလေအာမီ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက VOAကို ပြောပြပါတယ်။

" တနင်္သာရီ ရေဖြူကျေးရွာအနီး ၃မိုင်အကွာမှာတုံခါကျေးရွာအနားကို ကော်သူလေ တပ်နဲ့ ခွတ်ဒေါင်းတမန်စစ်ကြောင်းက ဝင်တိုက်တာပါ သူတို့ထဲက အမှတ်(၅၅၈) ခြေမြန်တပ်ရင်းနဲ့ ရေဖြူစစ်ဗျူဟာက အဲဒီမှာ စခန်းချတယ်၊ သူတို့ နေရာယူထားတဲ့ ကင်းတဲသုံးလုံး ပြာကျသွားတာပေါ့။ အကျဉ်းဦးစီးမှူးကတော့ အပြင်းအထန်ဒဏ်ရာရတယ်၊ ရဲနှစ်ယောက် သေတယ် ဒဏ်ရာရတာ ၅ ယောက်လောက်ရှိတယ်။ အဲဒီ ဒဏ်ရာရတာကတော့ ရဲကလား စစ်တပ်ကလား ဆိုတာတော့ မသိဘူး။ "

ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ VOA ကတော့ သီးခြား အတည်မပြုနိုင်ပါဘူး။ အကျဉ်းဦးစီးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး၊ ထုံခါ ရဲဘက်စခန်းနားမှာ တိုက်ခိုက်မှုတွေကြောင့် ရဲဘက်စခန်းက အကျဉ်းသား၂ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း ကော်သူးလေးအာမီက ပြောပါတယ်။ စစ်ကောင်စီလုံခြုံရေးစခန်းတွေအပေါ် တိုက်ခိုက်ခဲ့တာကြောင့် ၂ ဖက် တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းထဲက အဲဒီဒေသဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

" ဒီရက်ပိုင်းကပဲ တနင်္သာရီဒေသ ညောင်ပင်ကွင်းကျေးရွာက ဗောဓိကန်တံတားကိုလည်း ဝင်တိုက်တော့ သူတို့အဖွဲ့တော့မဟုတ်ဘူး။ တခြားအဖွဲ့က ဝင်တိုက်တာပါ။ စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင်၂ ယောက် သေပြီးတခြားသူတွေ သုံးလေးယောက်လောက်လည်း ထိခိုက်ဒဏ်ရာ ရတာလည်း ရှိတယ်။ "

တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းဘက်မှာ စစ်ဘေးရှောင်သူက အခုဆိုရင် လူဦးရေ ၆,၀၀၀ လောက် ရှိတယ်လို့လည်း ဒေသခံကပြောပါတယ်။

" ၆,၀၀၀ လောက်ရှိတယ် အရင်က အမြဲတမ်း စစ်ရှောင်တွေကော အပါအဝင်ပေါ့။ ပီဒီအက်ဖ် စိုးမိုးနယ်မြေ မဟုတ်တော့ စစ်ကောင်စီက ထိုးတာနဲ့ လက်နက်ကြီးတွေပစ်လို့ အရင်က တိမ်းရှောင်ရတာကလည်း ၃,၀၀၀ ကျော်လောက်ရှိတယ်။ အရင်က စစ်ရှောင်တွေအပါအဝင် အခုကတော့ စစ်ရှောင် ၆၀,၀၀ ကျော်လောက် ရှိသွားပြီ။ "

ကြာသပတေးနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ ရဲဘက်စခန်းနေရာဟာ မြန်မာနိုင်ငံ တနင်္သာရီမြို့နယ်အထွက် ကော့သောင်း- ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး ပေါ်မှာရှိပြီး၊ ထုံခါရွာ ကျေးရွာနယ်မြေအတွင်းမှာ ရှိပါတယ်။ ဒီစခန်းကတော့ ထုံခါ ရဲဘက်အကျဉ်းစခန်းလို့ခေါ်တဲ့(ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမြူရေးသင်တန်း) နေရာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG