သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော်သူးလေ ဒူးပလာယာခရိုင်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်


 ဒူးပလာယာခရိုင်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု (photo: KNU Doo Pla Ya)
ဒူးပလာယာခရိုင်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု (photo: KNU Doo Pla Ya)

ကရင်အမျိုးသားအစည်းအရုံး KNU ထိမ်းချုပ်ရာ တပ်မဟာ ၇ ခုရှိတဲ့အနက် ၆ ခုမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ကလည်း တပ်မဟာထိန်းချုပ်တဲ့ ဒူးပလာယာခရိုင်−နို့တကောမြို့နယ် အုပ်ချုပ်နယ်မြေအပေါ် စစ်တပ်က အင်အာပြင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပြင်းပြင်းထန်ထန် ထိခိုက်မှု မရှိဘူးလို့ KNU ဘက်က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ နို့တကောမြို့နယ်ထဲက စစ်ကောင်စီ ရဲတပ်စခန်းဖြစ်တဲ့ ကွီလုံးတိုင်တပ်စခန်းကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ တပ်အင်အား လက်နက်ခဲယမ်း စစ်သုံးပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်ချိန်မှာ ကြိုတင်လမ်းရှင်းတဲ့အနေနဲ့ စစ်တပ်ဘက်က ပေါင်(၅၀၀) အလေးချိန်ရှိတဲ့ ဗုံးသီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်စခန်းနားမှာ ရှိနေတဲ့ ကျေးရွာတွေအပေါ် လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာလို့ KNU နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးကပြောပါတယ်။

" နို့တကောမြို့နယ် ကွီလုံတိုင်စခန်းအနီးမှာလေကြောင်းတိုက်ခိုက်မူ ့တခုဖြစ်တာပေါ့နော် အဲဒီလေကြောင်းတိုက်ခိုက်မှုက ခရစ်ယာန်ဘုရားကျောင်းထဲကို ပေါင် ၅၀၀ ဗုံးသီးတလုံးကို Mi - 35P Attack Helicopter တစ်စီးနဲ့ပစ်ချသွားတာပါ အခုတလောမှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ ရိက္ခာပို့တာ လက်နက်ကျည်ဆံပို့တာတွေ လုပ်တာကိုတော့တွေ့ရတယ်။ "

KNU ဘက်က ထုတ်ပြန်ရာမှာတော့ စစ်ကောင်စီဘက်က ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်ဒုံ ဗျူဟာမှူးတွေ နယ်မြေတပ်စခန်းတွေကို လာရောက်ချိန်မှာ လုံခြုံရေးယူတဲ့အနေနဲ့ ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲတာတွေလုပ်ခဲ့တာလို့ ပြောပါတယ်။ တနေ့တည်းမှာပဲ ဘုရားသုံးဆူမြို့အခြေစိုက် နဂါးတောင်ပင်ကုန်း တပ်စခန်းကိုလည်း Mi - 17 Transport Helicopter နဲ့ စစ်တပ်အင်အားတွေ လာရောက်ပို့ဆောင် သွားခဲ့တယ်လို့ပြောပါတယ်။ အဲဒီလို ထောက်ပို့လုပ်ငန်းတွေလုပ်စဉ် လေကြောင်းကနေ ဗုံးကြဲမှု တကြိမ်အပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ပျံသန်းခဲ့တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ပြေးခဲ့ကြရပါတယ်။

" ဒီမှာကတော့ လေယာဉ်ဝဲပြီဆိုရင် ဒေသခံတွေက တနေ့တည်းက လေယာဉ် သုံးလေးခေါက်လောက် ပျံပြီဆိုရင်ဒေသခံတွေက မနေရဲကြတော့ဘူး။ ရွှေ့တဲ့သူတွေလည်း ရွှေ ့ကြတယ် ထွက်ပြေးကြတယ် နီးစပ်ရာ ထိုင်းနယ်စပ်ဘက်ကို ပြောင်းရွေ့ကုန်ကြတာလည်း ရှိပါတယ်။ "

အခုလို လေကြောင်းတိုက်ခိုက်မူနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးသလို လေကြောင်းတိုက်ခိုက်ရာမှာ ကြဲချတဲ့ ဗုံးသီး မပေါက်ကွဲတဲ့အတွက် ထိခိုက်သေဆုံးမှုတွေလည်း မဖြစ်ခဲ့ပါဘူး။ ကေအန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)ခုရှိတဲ့အနက် တပ်မဟာ(၆)ခုမှာ လောလောဆယ် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည် ၆ သိန်းလောက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG