သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ညောင်လေးပင်မှာ ဒေသခံရာချီ တိမ်းရှောင်


ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA, ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်များ
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA, ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်များ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်တွေနဲ့ စစ်ပွဲတွေ တကျော့ပြန် ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သား ရာနဲ့ချီ ထွက်ပြေး၊ တိမ်းရှောင်နေရပြီး စာသင်ကျောင်းတွေလည်း ယာယီပိတ်လိုက်ရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ သတင်းပေးပို့ချက် အပြည့်စုံကို အလိမ္မာက တင်ပြပေးပါမယ်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက မြို့နယ်တွေမှာ ဩဂုတ်လကုန်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတာပါ။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ သစ်ချဆိပ် အခြေစိုက် တပ်စခန်းကို စက်တင်ဘာလ ၁ ရက်က သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက အရပ်သား နေအိမ်တွေဆီ လက်နက်ကြီတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်ထဲက လော်မူသော ကျေးရွာထဲကို စက်တင်ဘာလ ၅ ရက်နေ့ လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်မှာတော့ ဗုံးကြဲတာ မရှိပေမဲ့ ကင်းထောက်လေယာဉ်တွေ ပျံဝဲတာရှိတဲ့အကြောင်း ညောင်လေးပင်ခရိုင်ထဲက KNU/KNLA ပူးပေါင်း တပ်ဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"လေယာဉ်တိုက်ခိုက်မှုက ပဲခူးတိုင်းထဲမှာ ဟိုးတနေ့ကဆို ပိုတောင်များသေးတယ်။ ဒီရက်ပိုင်းကတော့ တော်တော်ကို များပါတယ်။ လေယာဉ်နဲ့ ရွာတွေကို ဗုံးလိုက်ကြဲသွားတယ်။ အဲဒီကျသွားတဲ့ စခန်းဝန်းကျင်ပေါ့နော်။ ထိခိုက် သေဆုံးတွေလည်း ရှိနိုင်ပါတယ်။ စစ်ရှောင်ကတော့ အများကြီးပါ။ တကယ်တမ်းပြောရင် အဲ့နားဝန်းကျင်မှာ ရွာသားတွေ မနေရဲတော့ဘူး။ လက်ရှိမှာ သူတို့သိမ်းခံရတဲ့ စခန်းကိုလည်း သူတို့ ပြန်တက်ယူနိုင်ခြင်းတော့ မရှိသေးဘူး။ ဒါလက်ရှိ နောက်ဆုံး အခြေအနေပေါ့နော်။"

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ပျက်စီးခဲ့တဲ့ လူနေအိမ်တချို့
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ပျက်စီးခဲ့တဲ့ လူနေအိမ်တချို့

သစ်ချဆိပ်စခန်းမှာ စစ်ကောင်စီရဲ့ ခလရ-၄၃၉၊ ခလရ-၆၀၊ ခမရ-၃၅၀၊ ခမရ-၃၅၁တို့ တပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။ စခန်း မကျဖို့အတွက် စစ်ကောင်စီရဲ့ အနီးနားက ခလရ တပ်တွေနဲ့ ကျောက်ကြီးမြို့ ခလရတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်းလည်း ပြောပါတယ်။ ပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို အကာအကွယ်ယူပြီး စစ်ကောင်စီက ခုခံခဲ့တဲ့အတွက် ခက်ခက်ခဲခဲ သိမ်းပိုက်ခဲ့ရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ညောင်လေးပင်ခရိုင်ထဲကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတချို့ ပျက်စီးပြီး အရပ်သား ရာနဲ့ချီ ထွက်ပြေးခဲ့ရပါတယ်။ စာသင်ကျောင်းတွေကိုလည်း ပိတ်လိုက်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စစ်ဖြစ်တဲ့ မြို့နယ်တွေက ဒေသခံတွေဟာ ဘေးလွတ်တဲ့ ညောင်လေးပင်မြို့ပေါ်လို နေရာမျိုးတွေဆီ ထွက်လာကြပေမဲ့ ဧည့်စာရင်း လက်မခံတာကြောင့် ရွာတွေ ဘက်မှာပဲ လှည့်ပတ်နေ နေကြရပါတယ်။ လက်နက်ကြီး ပစ်သံတွေကတော့ မြို့ပေါ်တွေအထိ ကြားနေရကြောင်း ညောင်လေးပင်မြို့က ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"ညောင်လေးပင်၊ ရွှေကျင်၊ မဒေါက် ကြားပေါ့။ အဲ့ကြားမှာက ညနေပိုင်းတွေဆို ညောင်လေးပင်က စစ်တပ်ထဲကနေပြီးတော့ မဒေါက်(မြို့နယ်) ကြားမှာက ပုစွန်မြောင်းရွာဆိုတာ ရှိတယ်။ အဲဒီရွာကို သူတို့က အမြှောက်တွေ ဘာတွေနဲ့ ပစ်တာ။ သူတို့ နေရာ location အတိအကျသိလား၊ မသိလားတော့ ကျနော်လည်း မပြောတတ်ဘူး။ ညဘက်ဆို ၆ နာရီ၊ ၇ နာရီ ဆိုရင် အဲလိုတော့ ပစ်နေပြီပေါ့။"

စစ်ကောင်စီတပ်တွေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲမှာ အင်အားထပ်တိုးချဲ့နေတဲ့အကြောင်းလည်း ဒေသခံတချို့က ပြောပါတယ်။ လမ်းမတချို့ကိုလည်း ဖြိုဖျက်၊ ကျင်းတူးထားပြီး အသွားအလာတွေကို ဖြတ်တောက်ထားပါတယ်။

ညောင်လေးပင်ခရိုင်ထဲမှာ အခုနှစ် ဇူလိုင်လ ၁ လတည်းမှာတင် နှစ်ဘက်စစ်ပွဲတွေ အကြိမ်ပေါင်း ၁၀၀ နီးပါးရှိခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း နှစ်ဘက်စလုံးမှာ အကျအဆုံးတွေ ရှိပြီး အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့တာလည်း ရှိပါတယ်။ အခုဆိုရင် ပဲခူးတိုင်းထဲက စစ်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရပြီး စစ်ဘေးရှောင် ၂ သိန်းအထိ ရှိလာနေပြီလို့ ကရင်အရပ်ဘက်အဖွဲ့တချို့က သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG