သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရမှု အနည်းဆုံး ၆ ဦးသေ


မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရမှု အနည်းဆုံး ၆ ဦးသေ
မြဝတီခရိုင်ရဲရုံး တိုက်ခိုက်ခံရမှု အနည်းဆုံး ၆ ဦးသေ

ကရင်ပြည်နယ်၊ မြဝတီ ခရိုင်ရဲတပ်ဖွဲ့ရုံးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့က ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံးသူဦးရေဟာ ဒီကနေ့ဆိုရင် ၆ ဦး ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူတွေလည်း ၁၀ ဦးကျော် ရှိနေပါတယ်။ မနေ့က ဒီတိုက်ခိုက်မှုအပြီး ဒီကနေ့မှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြ၀တီမြို့က ခရိုင်ရဲတပ်ဖွဲ့ရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့က ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး နဲ့ ခလရ ၂၅၇ က ယာယီတပ်ရင်းမှူး အပါအဝင် လူ ၆ ဦး ထိခိုက် သေဆုံး ခဲ့ပါတယ်။ မနေ့ကအထိတော့ သေဆုံးသူ ၅ ဦးသာ ရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲကတဦး ဒီကနေ့ ထပ်မံသေဆုံးခဲ့တာပါ။ လတ်တလော ဒဏ်ရာပြင်းထန်တဲ့သူတွေကို စစ်ဆေးရုံ၊ မဲဆောက် အပြည်ပြည်ဆိုင်ရာဆေးရုံနဲ့ မြ၀တီဆေးရုံတွေကို ပို့ပြီး ဆေးဝါးကုသပေးနေတဲ့အကြောင်း ပရဟိတကူညီပေးနေသူတဦးက ပြောပါတယ်။

"မနေ့က ၅ ယောက်၊ ဒီနေ့ တယောက် ထပ်သေတော့ ၆ ယောက် ဖြစ်သွားတယ်။ ဒဏ်ရာ ရတာ ၁၃ ယောက်။ ၅ ယောက်က မဲဆောက် အပြည်ပြည်ဆိုင်ရာ ဆေးရုံမှာ။ နောက် ၅ယောက်က စစ်ဆေးရုံ။ ကျန်တာ ကတော့ မြ၀တီဆေးရုံမှာပဲရှိတယ်။"

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သူတို့တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။ တိုက်ခိုက်မှုအပြီး နောက်တနေ့ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မှာတော့ စစ်ကောင်စီက လေကြောင်းက လက်တုံ့ပြန် တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"စစ်ကောင်စီဘက်က ခရိုင်မှူးရယ်၊ တပ်ရင်းမှူးရယ် တယောက်လည်းပါတယ်။ ထိခိုက် ဒဏ်ရာတွေလည်း အတော်များပါတယ်။ အဲဒီမှာ ထွေအုပ်လည်း ပါတယ် ပြောပါတယ်။ လက်ခတ်တောင် ဘက်ကို သူတို့ဘက်က တုံ့ပြန်လာတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်လာတယ်။"

ခုလို နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသတွင်းမှာ ဒီရက်ပိုင်း စစ်ရေးအရှိန် ပိုမြင့်လာမှာကို ဒေသခံတွေကို စိုးရိမ်နေကြပါတယ်။ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မရှိသေးသလို၊ ဗွီအိုအေက ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမဲ့လည်း တုံ့ပြန်ချက် မရသေးပါဘူး။

မြ၀တီခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းတွေ အတွင်း တိုက်ခိုက်ခဲ့တာတွေ ရှိသလို၊ စစ်ကောင်စီဘက်ကလည်း မကြားသေးခင်က သူတို့ လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့ မြ၀တီမြို့အနီး စစ်ဗျူဟာကျတဲ့ လက်ခတ်တောင်စခန်းကုန်းကို ပြန်လည် ရရှိဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ ရှိနေတာကြောင့် နှစ်ဘက်စစ်ရေးအခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG