သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန်နေတဲ့ မြဝတီလက်ခတ်တောင် တိုက်ပွဲ


ကရင်ပြည်နယ် မြဝတီမြို့အတွင်းက လက်ခတ်တောင်စခန်းကုန်းတိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများ။ (သြဂုတ် ၁၆၊ ၂၀၂၃/ဓာတ်ပုံ ကော်ဘရာစစ်ကြောင်း)
ကရင်ပြည်နယ် မြဝတီမြို့အတွင်းက လက်ခတ်တောင်စခန်းကုန်းတိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများ။ (သြဂုတ် ၁၆၊ ၂၀၂၃/ဓာတ်ပုံ ကော်ဘရာစစ်ကြောင်း)

ကရင်ပြည်နယ် မြဝတီမြို့အတွင်းက လက်ခတ်တောင်စခန်းကုန်းကို ပြန်လည် ရယူဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မူတွေလည်း ရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး (၁) ဦးအပါအဝင် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့အတွင်းက လက်ခတ်တောင်စခန်းကုန်းကို ပြန်ရဖို့လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ စစ်ကောင်စီကလုပ်ခဲ့ပေမဲ့ နှစ်ဘက်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး (၁) ဦးအပါအဝင် အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းယူရရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးက ခုလို ပြောပါတယ်။

"ဗိုလ်မှူး (၁) ဦး၊ ဗိုလ်ကြီး (၁) ဦးအပါအဝင် အခြားအဆင့်ရဲဘော် စုစုပေါင်း (၁၅) ဦးကျဆုံးတယ်။ (၂၁) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လက်နက်ခဲယမ်းကတော့ 60 mm ကွန်မန်ဒိုပြောင်း (၁) လက်၊ 60 mm ဗုံးသီး (၃၅) လုံး၊ RPG အသီးတွေကော ရတယ်။ MA4 ၊ MA3 ၊ MA2 ၊ MA1 လက်နက်တွေလည်း အများကြီးရတယ်။ ဆက်သွယ်ရေး တာဝါတိုင်လည်း ပျက်စီးသွားတယ်။ ပြီးတော့ သာသနိက အဆောက်အဦးတချို့လည်း ပျက်စီးသွားတယ်။ ပျက်စီးရခြင်းအကြောင်းရင်းက ဒီစခန်းကုန်းကို သာသနာမြေမှာ လာတည်ထားတာ ဖြစ်ပါတယ်။"

စစ်လက်နက်ပစ္စည်းမျိုးစုံနဲ့ ကျည်ဆံတွေ ထောင်နဲ့ချီလည်း ပူးပေါင်းတပ်ဖွဲ့တွေက ရခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီရက်ပိုင်းအတွင်းမှာ လက်နက်ကြီး အကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter နဲ့ (၃) ကြိမ်၊ Mi-35(Attack-Helicopter) နဲ့ (၃) ကြိမ် ပစ်ခတ်ခဲ့တဲ့ အကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၂ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ လက်ခတ်တောင်တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒီလက်ခတ်တောင်စခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ၂၁ ရက်နေ့က သိမ်းယူခဲ့ပြီးနောက် စစ်ရေးဗျူဟာအရ အရေးပါတဲ့ဒီစခန်းကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေကလည်း ပြန်လည်သိမ်းယူဖို့ အင်းအားအလုံးအရင်းနဲ့ ဒီရက်ပိုင်း ထိုးစစ်ဆင်နေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG