သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင် မြဝတီမြို့နယ်တွင်း သုံးရက်ကြာတိုက်ပွဲ ထိခိုက်သေဆုံးမှုရှိ


ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်း (Crd: KNLA)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်း (Crd: KNLA)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ မေလ ၁၁ ရက်နေ့ကတည်းကစခဲ့တဲ့တိုက်ပွဲတွေဟာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများတယ်လို့လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ မေလ ၁၁ ရက်နေ့ကစပြီး နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပေါ်နေတာပါ။ မြဝတီမြို့နယ်၊ လက်ခတ်တောင်ဒေသနဲ့ ကျောက်မိုင်းဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက် ထိခိုက်တာတွေလည်း ရှိနေပါတယ်။

ဒီရက်ပိုင်းမှာပဲ တိုက်ပွဲတွေပြင်းထန်နေတာနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးက အခုလို ပြောပြပါတယ်။

“တိုက်ပွဲကတော့ မေလ ၁၁ ရက်နေ့ကတည်းက စပြီးဖြစ်နေတာပေါ့နော်။ စကစ ဘက်က ၈ ယောက်ကျတယ်။ ၁၀ ယောက်ကျော်လောက် ဒဏ်ရာရတယ်။ ၁၄ ရက်နေ့မှာတော့ စကစ က ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့နေရာ ကျောက်မိုင်းစခန်းကို ထိုးစစ်ဆင်ဖို့ လုပ်လာတယ်။ လက်နက်ကြီးနဲ့ တရစပ် မနားတမ်းပစ်တယ်၊ ထိုးစစ်ဆင်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘဲ သူတို့ဘက်ကကျတာတွေရှိတယ်။ မေလ ၁၅ ရက်မှာလည်း ကျောက်မိုင်းစခန်းကို ထိုးစစ်ဆင်တာကတော့ ကျနော်တို့ဘက်ကလည်း နှစ်ဦးကျပြီး ၁၀ ဦး ဒဏ်ရာရတယ်။”

အဲဒီဒေသမှာ ၃ ရက်တာတိုက်ပွဲတွင်း စစ်ကောင်စီဘက်က (၈) ဦးသေ၊ (၂၇) ဦး ဒဏ်ရာရတယ်လို့ ကော်ဘရာစစ်ကြောင်းက မနေ့ မေလ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ထိခိုက်ကျဆုံးသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

မြဝတီမြို့နယ်ထဲက လက်ခတ်တောင်နဲ့ ကျောက်မိုင်းဒေသတွေမှာ ပူးပေါင်းတပ်ဖွဲ့တွေဘက်က KNU/KNLA မတပ်မဟာ (၆)၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle တို့ ပူးပေါင်း တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ခမရ (၁၁၈)၊ ခလရ (၂၇၅)၊ BGF (၁၀၁၉) တပ်ရင်းတို့ ပူးပေါင်းပြီး နှစ်ဖက် ရင်ဆိုင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG