သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် မြဝတီခရိုင်တိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်


KNLA + PDF ပူးပေါင်းတပ်ဖွဲ့ (ဓာတ်ပုံ - KNU )
KNLA + PDF ပူးပေါင်းတပ်ဖွဲ့ (ဓာတ်ပုံ - KNU )

ဧပြီ ၁၉၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေပြီး ဧပြီလ ၁၉ ရက်နေ့ မှာ မနက် ၅ နာရီလောက်ကနေ နေ့လယ်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဧပြီလ ၁၉ ရက်နေ့မှာတော့ တိုက်ပွဲတွေ အတော်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။

"လက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်။ မနက်အစောကြီး ဝေလီဝေလင်း မနက် ၅ နာရီထိုးလောက်ကနေ ကျနော်တို့ရှိတဲ့ မဲ့ကနယ်ဘက်ကို သူတို့ဘက်က စကစ က ကျနော်တို့ရှိတဲ့နေရာဘက်ကို စစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေစဖြစ်တယ်။ ကျဆုံးထိခိုက်မှုတွေကိုတော့ အခုထိတော့ သတင်းမထုတ်ရသေးဘူး။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် သူတို့ဘက်က ဂျက်လေယာဉ်တွေနဲ့လေကြောင်းပစ်ကူလာတယ်။ တိုက်ပွဲကတော့ပြင်းတယ်။ နေ့လယ် ၁ နာရီလောက်ထိ မရပ်ဘူး။ မနားဘူး။ တိုက်ပွဲတွေဖြစ်နေတုန်းပဲ၊၊"

ဧပြီလ ၁၈ ရက်နေ့တုန်းကလည်းစစ်ကောင်စီဘက်ကနေ ကေအန်ယူ အဝတ်အစားတွေ၊ ဘက်ချ်တံဆိပ်တွေတပ်ပြီး အသွင်ယူပြီး စစ်ကြောင်းထိုးလာတဲ့အတွက် Venom စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

"ကျနော်တို့နေရာတွေကို သူတို့ထိုးစစ်ဆင်တာမရတော့ သူတို့က အကြိမ်ကြိမ်ထိုးဖောက်တယ်။ မရတော့ ကေအန်ယူတံဆိပ်တွေနဲ့အသွင်ယူပြီး ဝင်လာတယ်။ အဲဒီမှာ Venom စစ်ကြောင်းနဲ့တွေ့တော့ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ သူတို့ဘက်က ၂ ယောက်ကျပြီး လက်နက် ၂ လက်ရတယ်။"

တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကကော၊ ပူးပေါင်းတပ်ဖွဲ့တွေကကော သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးခဲတဲ့မတ်လ ၂၅ ရက်နေ့ကစပြီး မြဝတီခရိုင်ထဲက ကုန်သွယ်ရေးဇုန်နဲ့ ရဲစခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာတော့ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာသလို ထိုင်းဘက်ကိုလည်း စစ်ဘေးရှောင် ၈,၀၀၀ ကျော် ထွက်ပြေးလာခဲ့ရပါတယ်။ အခု မဲ့ကနယ်နဲ့အနီးတဝိုက်ကကျေးရွာသားတွေလည်း ထွက်ပြေးနေရပြီး သူတို့ ရွာကို မီးရှိ့ခံရတာ၊ လက်နက်ကြီးတွေနဲ့နေ့စဉ်ပစ်ခတ်တာတွေရှိနေတဲ့အတွက် နေရပ်မပြန်ရဲကြတာကြောင့် တောတောင်တွေထဲ ဘုန်းကြီးကျောင်းတွေထဲမှာခိုလှုံနေထိုင်နေရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG