(Zawgyi / Unicode)
ကရင်ပြည်နယ် မြဝတီခရိုင် ကော့ကရိတ် မြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်တာကြောင့် ဒေသခံ ကျေးရွာသားတချို့ ထိခိုက်ဒဏ်ရာရတာတွေ လူနေအိမ်တွေ ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။ တပတ်အတွင်း ၄ ရက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ အတွင်း မြဝတီ ကော့ကရိတ်လမ်းက တံတားတခုလည်း ကျိုးကျတာကြောင့် လမ်းတွေပိတ်ပြီး လမ်းပမ်းဆက်သွယ်ရေးတွေ ခက်ခဲနေပါတယ်။ ဒီသတင်းကု ိဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ၂ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတာတွေ အိမ်ခြေတွေ ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ က ကိုစောမွန်က ပြောပြပါတယ်။
“ ကော့နွဲ့ကမိုင်ကုန်း အဲဒီမှာ စစ်လေယာဉ်တွေနဲ့လာပြီး ဗုံးလာကြဲတာ။ မနေ့ကဆို ၃ ကြိမ်။ ဒီနေ့ဆိုလည်း ၃ကြိမ် လာကြဲတယ်။ ကျေးရွာက အိမ်ခြေတွေ ပျက်စီးတယ်။ ကျွဲနွားတွေလည်း သေတယ်။ လူကြီးတယောက် အသက်ကြီးရွယ်အို တယောက် ထိတယ်။ မိန်းကလေးငယ် တယောက်လည်း ဒဏ်ရာရတယ်။ ဒါက ဒီနေ့ အခြေအနေပေါ့။ အဓိက ကတော့ ကော့နွဲ့ ကမိုင်ကုန်း၊ ကျိုက်ဒုံ ကော့ကရိတ်လမ်းမှာရှိတဲ့ ရွာတွေပေါ့။ လေယာဉ်နဲ့ ဗုံးလာကြဲတာ ကောကရိတ် လမ်းမပေါ်မှာ ရှိတဲ့ တံတားတခုကလည်း ကျိုးကျသွားတယ်။ လမ်းပမ်းဆက်သွယ်ရေးက အခက်အခဲဖြစ်သွားတယ်။ ”
စစ်ကောင်စီတပ်တွေနဲ့ KNLA/ PDF ပူပေါင်းတပ်တွေကြား နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ကတော့ တပတ်အတွင်း ဒီဇင်ဘာလ ၁၆ ရက်၊ ၁၈ ရက်၊ ၂၀ ရက်၊ ၂၁ ရက်တွေမှာ ၄ ရက် လုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဟာလည်း စုပေါင်းအင်အားတွေနဲ့ ကော့ကရိတ်ဘက်မှာ နေရာယူထားသလို စစ်ကောင်စီ ဘက်ကလည်း မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက် လုပ်နေတယ်လို့လည်း ဆိုပါတယ်။
“ အဲဒါကတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ခလရ ၂၃၁ ကို တိုက်ခိုက်မှု ဖြစ်အပြီးမှာ တောက်လျှောက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ နှစ်ဖက်တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတယ်။ သူတို့က တပ်ဖြန့်ပြီးတော့ တမိုင်ကုန်း ကော့န့ွဲ့ ဘက်မှာ ဟိုဘက်မှာ တဖွဲ့ဖြစ်လိုက် ဒီဘက်မှာတဖွဲ့ဖြစ်လိုက်ဖြစ်နေတယ်။ ကော်ပရာ စစ်ကြောင်းကလည်း ကော့ကရိတ်ဘက်မှာ လာပူးပေါင်းထားတယ်။ KNDO တပ်တွေလည်းရှိတော့ ကျနော်တို့ဘက်ကလည်း အင်အားကောင်းတယ်။ ”
ကေအန်ယူ တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေသလို ကြာအင်းဆိပ်ကြီး ထဲမှာလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြာအင်းဆိပ်ကြီး ရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး အဆောက်အဦး ပျက်စီးတာ လူထိခိုက်တွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အာဏာပိုင်တွေ ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ အခုဆိုရင်တော့ မြဝတီခရိုင်ထဲမှာကော၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ဘေးရှောင်တွေ များပြားလာနေပါတယ်။ သောင်ရင်းမြစ် တလျှောက်မှာလည်း စစ်ဘေးရှောင်တွေ ထပ်တိုးလာနေတယ်လို့လည်း စစ်ဘေးရှောင် ဒုက္ခသည်တဦးကလည်း ပြောပါတယ်။
“ ကမ်းနဘေး တလျှောက်က စစ်ေဘေးရှောင်တွေက အမိုးအကာလေးတွေနဲ့နေရတယ်။ ”
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကျုံဒိုးမြို့နယ်တွေမှာလဲ ပြီးခဲ့တဲ့ရက်က ၂ ရက် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် လူနေအိမ်တချို့ပျက်စီးခဲ့သလို စပါးကျီများလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
(Unicode)