သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင် တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၃၀၀ ကျော် ထိုင်းဖက်တိမ်းရှောင်


(Zawgyi / Unicode)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်၊ ကော်သူးလေ တပ်မတော် စတဲ့ တပ်တွေဟာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့ကတော့ လေကြောင်းကနေ တိုက်ခိုက်မူတွေရှိတဲ့ အတွက် ထိုင်းဘက်ခြမ်း မော်ရီချိုင်း ဆိုတဲ့ နေရာကို သြဂုတ်လ ၃ ရက်နေ့က စစ်ဘေးရှောင် ဒုက္ခသည်အသစ် ၃၀၀ ကျော် ထွက်ပြေးလာကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီသူတွေကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တဲ့ ကော့ဘရာ စစ်ကြောင်းဟာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့ကတော့ စစ်ကောင်စီတပ်တွေက လေကြောင်းနေ တိုက်ခိုက်မူတွေလုပ်ခဲ့တာပါ။ ဥကရစ်ထ စခန်းနဲ့ နီးတဲ့ နေရာမှာတော့ ကော်သူးလေ တပ်မတော်ရဲ့ ဗွီနွန်စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေဟာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီအတွက် အဲဒီနေရာမှာ လုံခြုံမူ မရှိတော့တဲ့ အတွက် စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀ ကျော်ဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာကြတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေသူတွေက ပြောပါတယ်။

“ ဒီနေ့တော့ မော်ရီချိုင်းကို စစ်ရှောင် ၃၀၀ကျော် ရောက်လာတယ်။ သူတို့တွေက အကူညီတောင်းလာတယ်။ အရေးပေါ် စားသောက်ရေးတွေ လိုအပ်နေတယ်လို့ ပြောလာပါတယ်။ ပထမနေ့တွေကတော့ မြန်မာပြည်ဖက်ကမ်းမှာ ပြေးနေကြတယ်။ မနေ့ကတော့ ဆုံဆည်းမြိုင်ဆိုတဲ့ နေရာကနေ မီထဆိုတဲ့ နေရာက စာသင်ကျောင်းကို ပြေးကြတယ်။ လူ ၂၀၀ နီးပါးလောက်ရှိတယ်။ ဒီနေ့ကျတော့ ထိုင်းဘက် မော်ရီချိုင်းဘက်ကို ပြေးလာကြတယ်။ အယောက် ၃၀၀ကျော်ရှိပါတယ်။”

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို လက်နက်ကြီး ကျည်ဆံတွေလည်း ကျရောက်ပေါက်ကွဲတာကြောင့် သောင်ရင်းမြစ် တလျှောက်က စစ်ဘေးရှောင်တွေဟာ နေရာအတည်တကျ မနေနိုင်ဘဲ မကြာခန ရွှေ့ပြောင်း နေရတယ်လို့လည်း ပြောပြပါတယ်။

“ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတယ်။ မနေ့ကတော့ တောက်လျှောက်ဖြစ်နေတယ်။ ခွေးကုန်းဆိုတဲ့ နေရာကနေ သုံးထပ်ကွေ့ဆိုတဲ့ နေရာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတော့ နယ်စပ်တလျှောက်မှာက တိုက်ပွဲတွေဖြစ်နေတယ်။ အရင်ရွှေ့ပြီးသား ဒုက္ခသည်တွေကလည်း လက်နက်ကြီး အခြေအနေကိုကြည့်ပြီး ရွှေ့နေရပါတယ်။ သောင်ရင်းမြစ်တလျှောက် ဖလူးသုံးထပ်ကွေ့ ကျောက်ခက် ဝေါ်လေ စတဲ့နယ်မြေအားလုံးက စစ်ဖြစ်နေတဲ့ နယ်မြေဖြစ်နေတယ်။ မနေ့ကလည်း လေယာဉ်တွေနဲ့လာပြီး ဗုံးကြဲတာတွေရှိတယ်။ ဒုက္ခသည်တွေကတော့ ကျည်လွတ်ရာကို ရှောင်နေရတဲ့ အခြေအနေရှိပါတယ်။ ”

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ခုနှစ်လကျော်ကြာတဲ့အထိ ဒေသခံတွေဟာ နေရပ်ရင်းကို မပြန်နိုင်ကြသေးဘဲ သောင်ရင်းမြစ်တလျှောက်မှာ ပုန်းခိုပြီး နေထိုင်နေရတာပါ။ တိုက်ပွဲတွေက မငြိမ်သက်သေးတာကြောင့် တချို့ကျေးရွာသားတွေဟာ နေရပ်ရင်းကို မပြန်ရဲကြသေးတဲ့ အတွက် စစ်ဘေးရှောင် ဒုက္ခသည် ၅,၀၀၀ ထက်မနည်းဟာ သောင်ရင်းမြစ်အနီးမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG