စစ်ကောင်စီနဲ့ ကော်သူးလေတပ်တိုက်ပွဲ ဒေသခံတွေ စစ်ရှောင်ပြေး
{{Zawgyi/Unicode}}
မြဝတီမြို့ တောင်ဘက်ဝေါလေဒေသ ရွှေအေးမြိုင်ကျေးရွာဘက်မှာ ဝေါလေစစ်ဗျူဟာ စစ်ကောင်စီစစ်ကြောင်း နဲ့ ကော်သူးလေ တပ်မတော်ရဲ့ Venom (ဗွီနွမ်)စစ်ကြောင်းနဲ့ မြဝတီ ဝေါလေ ဖလူးဒေသဘက်မှာရှိတဲ့ တပ်မ၄၄ လက်အောက်ခံတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းထားတဲ့ ကော်ပရာစစ်ကြောင်း တို့ဟာနေစဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေပါတယ် ။ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဒေသခံ ပြည်သူရာဂဏန်းလောက်ဟာ စစ်ဘေးရှောင်တွေအဖြစ် ဘေးလွတ်ရာကို ထပ်မံထွက်ပြေးနေရပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမား က သတင်းပေးပို့ထားပါတယ်။
မြဝတီမြို့ တောင်ဘက်ဝေါလေဒေသ ရွှေအေးမြိုင် ကျေးရွာဘက်မှာ ဝေါလေစစ်ဗျူဟာ စစ်ကောင်စီစစ်ကြောင်း နဲ့ ကော်သူးလေ တပ်မတော်ရဲ့ Venom (ဗွီနွမ်)စစ်ကြောင်းတို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံစစ်ဘေးရှောင် ဒုက္ခသည်၂၀၀ကျော်ဟာ ထိုင်းမြန်မာနယ်စပ်အနီး ကို ထွက်ပြေးလာကြတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦး က ပြောပြပါတယ်။
" ဒီနေ့ တိုက်ပွဲအခြေအနေကြောင့် ရွာသား၂၀၀ကျော် ပြေးလာပါတယ်။ သူတို့ ပြေးလာတာက ဆုံဆည်းမြိုင်ဂွင်ကနေ ပြေးလာတာပါ။ ဆုံဆည်းမြိုင်ဂွင်ကနေ ဝါးမီထ စာသင်ကျောင်း ဘက်ကို ပြေးလာတာပါ။ လောလောဆည် မြန်မာဘက်ခြမ်းမှာပဲရှိပါသေးတယ်။ နောက်နေ တိုက်ပွဲတွေ ဆက်ဖြစ်မယ်ဆိုရင် ထိုင်းဘက်ကိုလည် းကူးနိုင်ပါတယ်။ အဓိကဆုံဆည်းမြိုင်ထဲက ကျေးရွာတွေ ကပြေးလာတာပါ"
မြဝတီ ဝေါလေ ဖလူးဒေသဘက်မှာရှိတဲ့ တပ်မ၄၄ လက်အောက်ခံတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်KNLA ပြည်သူ့ကာကွယ်ရေးတပ် PDFပူးပေါင်းထားတဲ့ ကော်ပရာစစ်ကြောင်းတို့ဟာ နေ့စဉ်နီးပါး တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း ကော်ပရာစစ်ကြောင်း က ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကို ကပြောပါတယ် ။
"ဇူလိုင်လ ၇ ရက်နေ့ကစပြီး မြဝတီ ဝေါလေလမ်းမက ဖလူးဒေသ သုံးထပ်ကွေ့ဆိုတဲ့နေရာကို စတင်ချဉ်းကပ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီကနေ့ စပြီး နေ့စဉ်လည်းထိတွေ့ပစ်ခတ်မူတွေ လက်နက်ကြီးနဲ့ ပစ်ခတ်မူတွေ ဒီနေ့ထိ တောက်လျောက်ရှိနေခဲ့တယ်။ ဒီနေ့လည်း နှစ်ဖက်ပစ်ခတ်မူတွေ ထိတွေ့မူတွေဖြစ်ခဲ့တယ်။ စစ်ကောင်စီဘက်က အကျအဆုံးအများကြီးရှိပါတယ်။အရေအတွက် အတိအကျမသိရသေးတဲ့ ကျနော်တိုက မထုတ်ပြန်သေးပါဘူး။ သိရသလောက် အချက်အလက်တွေပဲ ထုတ်ပြန်တာပဲရှိပါတယ်"
ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ လက်ရှိတိုက်ပွဲဖြစ်နေတဲ့အတွက် ဥကရစ်ထ၊ ရွှေအေးမြိုင်၊ ဝါးမီးထ၊ ထီးသဲဘလယ်ဒေသခံတွေ ရှိရာကို လက်နက်ကြီး ကျည်ဆံများ ကျရောက်ပေါက်ကွဲနေတာကြောင့် ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီးကို စစ်ဘေးရှောင်တွေကထွက်ပြေးလာနေကြဆဲဖြစ်ပါတယ် ။
...........................................................
{{Zawgyi/Unicode}}