သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမှာ လက်နက်ကိုင်အင်အားစုတွေကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်


စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး (ဖေဖော်ဝါရီ၊ ၂၀၁၈)
စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး (ဖေဖော်ဝါရီ၊ ၂၀၁၈)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင် ကျောက်မိုင်းဒေသကို စစ်ကောင်စီတပ်တွေက မေလ ၁၇ရက်၊ ဒီနေ့မနက် ၃နာရီကျော် အချိန်မှာ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဒေသမှာ မေလ ၁၁ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေသလို KNU တပ်မဟာ (၅)ထိမ်းချုပ်ရာ မူတြော်ခရိုင် (ဖာပွန်ခရိုင်)ထဲမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက လတ်ခတ်တောင် ကျောင်းမိုင်းဒေသဘက်ကို စစ်ကောင်စီတပ်တွေက မေလ ၁၇ရက်၊ ဒီနေ့မနက် ၃နာရီကျော်အချိန်မှာ လေကြောင်းကနေ ပစ်ခတ်မူတွေ လုပ်ခဲ့ပေမယ့် KNU နဲ့ ပူပေါင်းတပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။

“မနက်အစောကြီးပိုင်းကနေ လျှပ်တပျက်ပေါ့နော်၊ လေယာဉ်တစီးနဲ့ ဗုံးလာကြဲတယ်။ ကျောက်မိုင်းကြီး စခန်းဘက်ကို လာပစ်တယ်။ ပြီးခဲ့တဲ့ရက်က သူတို့ဘက်က အကျအဆုံး များတဲ့အပေါ်မှာတော့ သူတို့ မနက်အစောကြီးလာပစ်တာပဲ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိပါဘူး။”

ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်ရာ တပ်မဟာ (၆) ဒူးပလာာယာခရိုင်ထဲမှာ မေလ ၁၁ရက်နေ့က တပတ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ထားပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်က တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်တွေကတဖက်၊ တပ်မဟာ ၆ KNU/KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကော်ဘရာစစ်ကြောင်း (၂)၊ Federal Wings၊ Golden Eagle၊ ရောင်နီနဲ့ ကျားသစ်နက် စစ်ကြောင်းတို့ကတဖက် နှစ်ဖက် ရင်ဆိုင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးကတော့ တပ်မဟာ (၇)ခု ရှိတဲ့အနက် တပ်မဟာ (၅)ခုလောက်ကို စစ်ကောင်စီက အကြီးအကျယ် ထိုးစစ်ဆင်တာတွေ ရှိနေတယ်လို့ အခုလို ပြောပါတယ်။

“အဲဒီဘက်မှာကော တပ်မဟာ (၃)ဘက်မှာတော့ တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်နေတယ်။ တပ်မဟာ (၃)ရယ်၊ တပ်မဟာ (၆)ရယ်၊ တပ်မဟာ(၅)ရယ်၊ လောလောဆည် တပ်မဟာ (၁)ကိုကောပဲ ထိုးစစ်ဆင်မူတွေ လုပ်နေပါတယ်။”

KNU တပ်မဟာ (၅)ထိမ်းချုပ်ရာ ဖာပွန်ခရိုင် (ဒေသအခေါ် မူတြော်ခရိုင်)ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူကာကွယ်ရေးတပ် စတဲ့ပူး ပေါင်းတပ်ဖွဲ့တွေကြားမှာ ၂ ပတ်အတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ခဲ့သလို စစ်ကောင်စီဘက်က ၂၆ဦး သေဆုံးခဲ့တယ်လို့ မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ တပ်ခွဲမှူး ၁ ဦး၊ ဒု-ခွဲမှူး ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးပါဝင်ပြီး စစ်တပ် ထောက်ပံ့ပို့ဆောင်ရေးယာဉ် ၂ စီးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက် သေဆုံးစာရင်းနဲ့ ပတ်သက်လို့တော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ အခုလို နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တပ်မဟာတွေမှာတော့ ဒေသခံလူထုတွေဟာ အိုးအိမ်မဲ့၊ ဒုက္ခသည်တွေအဖြစ် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG