စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေလည်း နေရပ်စွန့် တိမ်းရှောင်နေကြရတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး မဆုမွန် ပြောပြပေးမှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ်က တောင်စလုံးကျေးရွာမှာ မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့အထိလည်း စစ်လေယာဉ်တွေကို တွေ့ရတယ်လို့ ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ဒေသခံ တယောက်က ပြောပါတယ်။
“ မနေ့ည ၁၁ နာရီချိန်လောက်က လေယာဉ်နဲ့လာကျဲတယ်၊ ဒီနေ့တော့ မနက်ကတည်းက ခုချိန်ထိ လေယာဉ် ၂စီးလောက် ဝဲတယ်ရှင့်၊ တိုက်လေယာဉ် ၁စီးရယ် ရိုးရိုးလေယာဉ် ၁စီးရယ် ပြီးတော့ သူတု့ိ ကျဲတာ ၂ခါလောက်ရှိပြီးရှင့်။ အသံလည်း ကြားရတယ် မြင်လည်းမြင်ရတယ်တယ်ရှင့်။ တိုက်ပွဲရှိလို့လည်း လာကျဲတာလည်းဖြစ်တယ်၊ ပြီးတော့ အဲ့ဒီ ပြည်သူ့ကာကွယ်တပ်ရှိလို့ လာကျဲတာလည်း ရှိတယ်ရှင့် အဲ့လိုမျိုး။”
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
“မနေ့က ည ၁၁ နာရီဝန်းကျင်မှာ ဒါကို လေယာဉ် ဗုံး ၂လုံးလာကျဲသွားတယ်ပေါ့နော်၊ အဲ့ဒါ အထိအခိုက် ပျက်စီးတွေကတော့ ဆေးခန်း ၂ခန်းရယ် အိမ် ၈လုံး ပျက်စီးသွားပါတယ်ပေါ့။ လူထိခိုက်တော့ မရှိပါဘူးခင်ဗျ။ ဟိုဟာပေါ့…အဆောက်အဦးတွေပဲ ထိခိုက်တဲ့ဟာမျိုးဖြစ်ပါတယ်။”
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု သတင်းတွေ မကြားရပေမဲ့ စစ်ကောင်စီ တပ်တွေက အခုလို မကြာခဏ လေကြောင်းက တိုက်ခိုက်တာတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံ ရွာသူရွာသားတွေ လနဲ့ ချီကြာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး ခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။
“ရွာလည်း မပြန်ရဲဘူး၊ ဘာဖြစ်လဲဆိုတော့ လေယာဉ်လည်း နေ့တိုင်းလာတယ်၊ လက်နက်ကြီးတွေနဲ့လည်း နေ့တိုင်း အဲ့လိုမျိုး ပစ်နေကြတယ်ပေါ့နော် အဲ့ကြောင့်မို့လို့ မပြန်ရဲကြဘူးရှင့်။ ဘေးလွတ်ရာမှာ ဖြစ်သလို နေထိုင်ရတာပေါ့ရှင့်။”
မကြာသေးခင်ရက်တွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဒီဒေသမှာ စစ်ရေးတင်းမာမှုတွေ ရှိနေတုန်းပဲလို့လည်း KNDF တာဝန်ရှိသူက ပြောပါတယ်။
“အဲ့တောင် တောင်စလုံးရဲ့ ဘေးမှာပဲ ဒါ စစ်ကောင်စီတွေရှိတယ်။ ဒါကို စစ်ရေးတင်းမာနေတဲ့ အနေအထားမျိုးဖြစ်တယ်။ ထိတွေ့တိုက်ပွဲတွေကတော့ ကြီးကြီးမားမားတော့ မရှိပါဘူးခင်ဗျ ဟုတ်။ ဟို…ရှေ့တစ်ရက်ကတော့ ဖြစ်တယ် မနေ့ကရယ် ဒီနေ့တွေကတော့ ကြီးကြီးမာမာ တိုက်ပွဲမရှိဘူး ဒါ စစ်ရေးတင်းမာနေတဲ့ အနေအထားမျိုးပဲ ဖြစ်ပါတယ် ဟုတ်။”
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ အကြမ်းဖက်ပဋိပက္ခတွေ အဆုံးသတ်ပြီး ဆွေးနွေးဖြေရှင်းကြဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေးပွဲက တိုက်တွန်းနေချိန်မှာပဲ မြန်မာနိုင်ငံတဝှမ်း တိုက်ခိုက်မှုသတင်းတွေလည်း ဆက်လက်ထွက်ပေါ်နေတာ ဖြစ်ပါတယ်။