သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးမြို့အနီး စစ်ကောင်စီ လေကြောင်းကနေ ထပ်မံတိုက်ခိုက်


ဟားခါးမြို့ (ယခင်ပုံဟောင်း)
ဟားခါးမြို့ (ယခင်ပုံဟောင်း)

၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ပိုမိုများပြားနေတာမှာ ဒီကနေ့လည်း ဟားခါးမြို့အနီးက မားလ်ဆောင်မ် ဆိုတဲ့ကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ တိုးမြင့်လာတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀ ကျော်သေဆုံးခဲ့သလို ၈၀ ကျော် ထိခိုက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် ၂ သောင်းလောက် တိုးမြင့်လာတယ်လို့ CHRO ခေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးနောက် တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ်မှာ အရင် ၂ နှစ်ထက်စာရင် ဒီနှစ်အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုဟာ ၈ ဆလောက် အထိ မြင့်တက်လာနေတာပါ။ လောလောဆယ် ဟားခါးမြို့အနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာမှာ စစ်ကောင်စီက ဒီကနေ့ နေ့လည်ပိုင်းမှာဘဲ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဖွဲ့ CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဗွီအိုအေကို ပြောပါတယ်။

“မေလ ၁ရက်နေ့ကနေ ဒီကနေ့အထိ တပ်မ ၇၇ ၊ ဂန့်ဂေါကနေ ဟားခါးတက်လာတဲ့ဟာ ၊ အခုက ဟားခါးနဲ့ မိုင် ၃၀ အလို ဒီ တောထဲ တောင်ထဲမှာ အဲဒီ ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီနေ့လည်း အခုလေးတင်ပဲ တိုက်လေယာဉ်က လာသွားပြီးတော့ မာလ်ဆောမ်ဆိုတဲ့ ကျေးရွာ တစ်ရွာကို ဗုံးကြဲတယ်။ မနေ့ကတော့ ဗန်တလန်းဆိုတဲ့ ကျေးရွာ တစ်ရွာကိုလည်း ဗုံးကြဲတယ်ပေါ့။ မနေ့ကဆိုရင်တော့ ၇ ကြိမ်လောက် ဗုံးကြဲသွားတာပေါ့။”

ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက် ပျက်ဆီးမှု အသေးစိတ်ကို မသိရသေးပါဘူး။

ဟားခါးမြို့နယ်၊ ဟားခါး−ဖလမ်းကားလမ်းဘေး ချွန်ကျုံးရွာမှာ စစ်ကောင်စီတပ်နဲ့ CNA ၊ CDF ပူးပေါင်းတပ်တွေအကြားက ဧပြီလ ဒုတိယပတ်လောက်က စတင်ပြီး တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားနေခဲ့တာပါ။ ဟားခါး- ဂန့်ဂေါလမ်းမှာတော့ တိုက်ပွဲတွေဟာ မေလဆန်းက စတင်ဖြစ်ခဲ့ပြီး အခုထိလည်း ဆက်လက် ပြင်းထန်နေကြောင်း CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဟားခါးမြို့ရဲ့ အဓိက ဝင်ပေါက်တွေဖြစ်တဲ့ ဟားခါး−ဖလမ်း−ကလေး လမ်းနဲ့ ဟားခါး−ဂန့်ဂေါ လမ်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဟားခါးမြို့ပေါ်မှာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေ ပြတ်လပ်လာနေပါတယ်။ ဟားခါးမြို့က ခရစ်ယာန် ဘာသာရေးအသင်းအဖွဲ့တွေက အခက်အခဲဖြစ်နေတဲ့ ဒေသခံလူထုအတွက် ဆန်အိတ်တွေမှာယူပြီး ပြန်လည် ဖြန့်ဖြူးတာတွေလည်း ဆောင်ရွက်နေကြရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တိုးမြင့်လာတဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်းမှာ အရပ်သားသေဆုံးမှုဟာ ၃၀ ကျော်ခန့်အထိ ရှိခဲ့တယ်လို့ CHRO ခေါ် ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းမာန်ဟရဲလျံက ပြောပါတယ်။

“၂၀၂၃ မှာ လေကြောင်းတိုက်ခိုက်မှုက ၁၂၉ ကြိမ်ပေါ့နော်။ ၁၃၀ နီးပါးလေကြောင်းတိုက်ခိုက်မှုက။ အဲဒီမှာ သေဆုံးသူအရေအတွက်က ဒီနှစ်အတွင်းမှာ ၃၅ယောက်။ စုစုပေါင်း ၃၅ယောက်။ ပြီးရင်တော့ ဒဏ်ရာရရှိမှုက ၇၈ယောက် အရပ်သား ပြည်သူလူထုတွေပေါ့နော်။”

ဒီစာရင်းဟာ ဧပြီလကုန်အထိ ကောက်ယူထားတာဖြစ်ပါတယ်။ မေလအတွင်းမှာလည်း လဆန်း ၁ရက်နေ့က စတင်ပြီး ရက်ဆက်ဆိုသလို တိုက်ခိုက်တာတွေ ရှိနေကြောင်းနဲ့ ထိခိုက်သေဆုံးမှုစာရင်း ကောက်ယူနိုင်တာမရှိသေးဘူးလို့ ဆလိုင်းမာန်ဟရဲလျံက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တိုးမြင့်လာတာကြောင့် IDP ခေါ် ပြည်တွင်း စစ်ရှောင်ဦးရေဟာလည်း ၂သောင်းခန့် တိုးမြင့်လာကြောင်း သူက ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် အခု ၂၀၂၃ မတိုင်ခင်မှာ ချင်းပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုက အကြိမ်က ၂၀ ကျော်ကျော်လောက်ပဲ ရှိတာကိုး။ အခု ၂၀၂၃ မှာတင်က အကြိမ်က ၁၃၀လောက်ရှိနေပြီလေ။ ဆိုတော့ ၈ဆလောက် တိုးလာတာပေါ့။ ဆိုတော့ အခုလေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာပြီးတော့ IDP အရေအတွက်လည်း တိုးလာတော့ အခု ကျနော်တို့ရဲ့ CHRO ရဲ့ ဖေဖော်ဝါရီလအထိ ဒေတာ(Data) အရက ချင်းပြည်နယ်အတွင်းမှာပေါ့နော်၊ ၆သောင်းကျော်လောက် ရှိသေးတယ်။ အခု ဧပြီလရဲ့ နှစ်ချုပ်အထိတော့ စုစုပေါင်းက ၈သောင်းနီးပါးလောက် အရေအတွက် တိုးလာတာကို တွေ့ရတယ်။ ဆိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလရဲ့ IDP အရေအတွက်နဲ့ အခု ဧပြီလ နောက်ဆုံးအပတ်ရဲ့ IDP အရေအတွက်ဆိုရင်တော့ ၂သောင်းနီးပါး တိုးလာတယ်လို့ ကျနော်တို့ ပြောလို့ ရတယ်။”

ဧပြီလချုပ်စာရင်းဟာ ဟားခါး၊ ဖလမ်းနဲ့ ထန်တလန်မြို့နယ်တွေမှာသာ ကောက်ယူထားတာဖြစ်ပြီး မင်းတပ်၊ မတူပီဘက်တွေမှာ ဆက်သွယ်ရေး အခက်အခဲအရ ကောက်ယူနိုင်တာ မရှိသေးဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG