သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးမြို့အနီး တိုက်ပွဲပြင်းထန်၊ ဒေသခံထောင်ချီပြီး ဘေးလွတ်ရာတိမ်းရှောင်နေရ


မေလ ၁ ရက်နေ့က ဖြစ်ခဲ့တဲ့ ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်မ (၇၇) ထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ၊ The Chin Journal)
မေလ ၁ ရက်နေ့က ဖြစ်ခဲ့တဲ့ ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်မ (၇၇) ထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ၊ The Chin Journal)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ CNA ၊ CDF အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာ ချွန်ကျုံးရွာက ဒေသခံ ရွာသူ၊ ရွာသား ၂,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ အထူးသဖြင့် တောတောင်အတွင်း တိမ်းရှောင်နေသူတွေဟာ နေရပ်မပြန်နိုင်ဘဲ စားဝတ်နေရေး အခက်အခဲ တွေ့ကြုံနေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ CNA ၊ CDF ပူးပေါင်းတပ်တွေအကြားက တိုက်ပွဲတွေဟာ ဧပြီလ ဒုတိယပတ်လောက်က စတင်ခဲ့တာပါ။

လက်ရှိအချိန်အထိလည်း တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက VOA ကို အခုလို ပြောပါတယ်။

“အခု ဟားခါးမြို့နယ်ထဲမှာ တိုက်ပွဲ ၂နေရာမှာ ရှိနေတယ်။ တစ်နေရာကတော့ ချွန်ကျုံးရွာမှာ။ အဲဒီမှာ သူတို့ဘက်က အကျအဆုံးတော့ မသိဘူး။ ကျနော်တို့ဘက်က ၃ယောက် အနည်းငယ် ဒဏ်ရာရတာပေ့ါနော်။ အဲဒါ တစ်နေရာပေါ့။ နောက် ဂန့်ဂေါကနေ တက်လာတဲ့ တပ်မ ၇၇ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့နဲ့ ဟားခါးကနေ မိုင် ၃၀လောက်ဝေးတဲ့(နေရာမှာ) မနေ့က တိုက်ပွဲဖြစ်တော့ ကျနော်တို့ဘက်က လက်နက် ၁၀လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရတယ်။ အထိအခိုက်တော့ မသိဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။ အဲဒါကြောင့်ပဲ အခုပဲ အခုဖုန်းဆက်နေတဲ့အချိန်မှာပဲ အဲဒီနေရာမှာ ဗုံးကြဲလေယာဉ် ၄ကြိမ် ဗုံးလာကြဲသွားတာပေါ့နော်။ ဗန်တလန်ဆိုတဲ့ ကျေးရွာတစ်ရွာမှာ ဗုံးကျတယ်ပေါ့။ အထိအခိုက်ကတော့ ဘယ်လောက်ရှိမလဲ အတည်ပြုချက် ရယူနေဆဲဖြစ်ပါတယ်။”

ချွန်ကျုံးရွာတိုက်ပွဲကတော့ အရင်လတိုက်ပွဲအတွင်း ပျက်ဆီးသွားတဲ သံချပ်ကာယာဉ်တွေကို စစ်ကောင်စီတပ်က ပြန်လာသယ်ယူစဉ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ချွန်ကျုံးရွာမှာ ဧပြီလ ၁၁ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲကြောင့် ချွန်ကျုံးရွာသား ၂,၀၀၀ ကျော် တိမ်းရှောင်နေခဲ့ကြပြီး တောတောင်တွေအတွင်း ခိုအောင်းနေသူတွေဟာ စားဝတ်နေရေး အခက်အခဲတွေရှိနေကြောင်း CHRO ခေါ် ချင်း လူအခွင့်အရေးအဖွဲ့က Salai Mang Hre Lian က ပြောပါတယ်။

“ချွန်ကျုံးက ရွာသူရွာသားတွေက စစ်ကြောင်းမလာခင်မှာ အများအားဖြင့် ဟားခါးမြို့ကို ပြောင်းရွှေ့ပြီးတော့ စစ်ဘေးရှောင်တယ်။ တချို့လူတွေက တောထဲတွေမှာ ပုန်းတဲ့လူတွေရှိတယ်။ အဲဒီ တောထဲပုန်းတဲ့သူတွေက အခုချိန်ထိက အိမ်ပြန်လို့ မရတဲ့အခါမှာ တော်တော်လေး စားဝတ်နေရေး အခက်အခဲရှိတယ်လို့တော့ သိရတယ်။ ချွန်ကျုံးရွာကို ကျနော်တို့ သိထားသလောက်တော့ လူဦးရေ ၂,၀၀၀ ကျော်၊ ၂,၄၀၀ ကျော်ရှိတယ်လို့ သိထားတယ်။ အခု သူတို့အားလုံးပဲပေါ့၊ တစ်ယောက်မှ မကျန် စစ်ဘေးရှောင်အနေအထားနဲ့ရှိနေကြတယ်။”

ချွန်ကျုံးရွာတိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ချွန်ကျုံးရွာ တိုက်ပွဲဖြစ်တဲ့အစကတော့ ဧပြီလ ၁၁ရက်နေ့က စပြီပေါ့နော်။ အခုဆိုရင်တော့ ၃ပတ်ကျော်ကျော်လောက် ရှိပြီပေါ့။ လေကြောင်း တိုက်ခိုက်မှုတွေလည်း အကြိမ်ကြိမ်ရှိတယ်။ ၁၁ရက်နေ့မှာ လုပ်တယ်။ ပြီးရင် ၁၂ရက်နေ့မှာလည်း တိုက်ခိုက်တယ်။ ၁၃ရက်မှာလည်း တိုက်ခိုက်တယ်။ ၁၄ရက်မှာလည်း တိုက်ခိုက်တယ်။ ပြီးရင်တော့ ၂၃ရက်နေ့မှာလည်း တိုက်ခိုက်တယ်။ ပြီးရင်တော့ ၃၀ရက်နေ့၊ မနေ့ကဆိုရင်တော့ မေလ ၁ရက်နေ့မှာ ဆက်လက် တိုက်ခိုက်တာ တွေ့ရတယ်။”

ချွန်ကျုံးရွာတိုက်ပွဲအတွင်းမှာတော့ ဒေသခံရွာသားတွေဟာ တိုက်ပွဲမစတင်မီ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာ မကြား သိရကြောင်းလည်း ပြောပါတယ်။

ဟားခါးမြို့ရဲ့ အဓိက ဆက်သွယ်ရေးလမ်းဖြစ်တဲ့ ဟားခါး−ကလေးလမ်းနဲ့ ဟားခါး−ဂန့်ဂေါလမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ခက်ခဲလာနေပြီး ဟားခါးမြို့မှာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ စက်သုံးဆီဈေးတွေ မြင့်တက်လာနေပါတယ်။

ဟားခါးမြို့အနီး တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG