သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနီးတဝိုက်တိုက်ပွဲတွေကြောင့် ဟားခါးမြို့တွင်း အခြေခံစားကုန်များဈေးမြင့်တက်


ဟားခါးမြို့ (ဓာတ်ပုံ-ဝီကီပီးဒီးယား)
ဟားခါးမြို့ (ဓာတ်ပုံ-ဝီကီပီးဒီးယား)


မေ ၂၊ ၂၀၂၃
(ရဲမွန်)

တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ရဲ့မြို့တော်ဟားခါးမှာ ကုန်စည်စီးဆင်းမှုအခက်အခဲတွေရှိနေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရီးသည်တင်ကားတွေလည်း အသွားအလာမရှိသေးဘူးလို့ ဟားခါးကိုပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုရဲမွန်က တင်ပြပေးထားပါတယ်။

တိုက်ပွဲတွေ ကာလအတန်ကြာဖြစ်နေတဲ့အတွက် ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့မှာ ကုန်စည်စီးဆင်းမှုတွေမရှိတော့တဲ့အတွက် အခြေခံစားသောက် ကုန်တွေဖြစ်တဲ့ ဆန် ၊ ဆီ ၊ အသီးရွက်၊ သားငါးတွေအပြင် ဓာတ်ဆီလည်း ဝယ်မရတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။

ဟားခါးမြို့ကို အဓိက ကုန်စည်စီးဆင်းတဲ့ ကလေး−ဟားခါးလမ်းပိုင်းနဲ့ ဂန့်ဂေါ−ဟားခါးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် အခုလို အခြေခံစားသောက်ကုန်တွေ ဈေးမြင့်တက်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဥပမာ ဆန်ဆိုရင်တော့ ပုံမှန်စားနေကျ ၇ သောင်းကျော်ကျော်လောက်ရှိတာ အခု ၁ သိန်း၂ သောင်းရှိနေတယ်။ ဆီက တပိသာကို ပုံမှန်ဆို ၆ ထောင် ၇ ထောင်ပဲရှိတာ။ အခု ဒီနေ့ဝယ်တော့ ၁ သောင်းပေါ့နော်။ ဂန့်ဂေါလမ်းက လုံးဝကိုပိတ်တာ နည်းနည်းကြာနေပြီပေါ့နော်။ ကလေးမြို့ဘက်ကတော့ အဓိက ဟားခါးက အရင်တခေါက်စစ်ကြောင်းနဲ့က အခုမနက်ကအထိ တိုက်ပွဲက ချွမ်ကျုံးမှာဖြစ်နေတော့ ကလေးမြို့ကလည်း လုံးဝကို ပိတ်နေတယ်။ အဲ့ ၂ နေရာ ပိတ်ရင် ဟားခါးက ဘယ်ဟာနဲ့မှ လမ်းမရှိတော့ဘူး။ အဓိက ဒီ ၂ လမ်းပဲရှိတာလေ။”

တိုက်ပွဲတွေကြောင့် ခရီးသည်မော်တော်ယာဉ်လိုင်းတွေလည်း ရပ်နားထားရပြီး ကုန်စည်စီးဆင်းမှုအခက်အခဲတွေရှိတာကြောင့် အခုလို ကုန်ဈေးနှုန်းတွေ ထိုးတက်သွားခဲ့တာလို့ ခရီးသည်တင်ဂိတ်တခုက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“သွားလို့လာလို့က လောလောဆယ် ဟားခါးမှာ ကားတွေမရှိလို့ လူစီးကားတွေ မရှိတော့တာ။ အခုက အိုက်တားဘက်ကနေ သွားတာလေ။ အိုက်တားဘက်ကလမ်းက တော်တော်ဆိုးတယ်ဆိုတော့ ကားတိုင်းလည်းမသွားနိုင်ဘူး။ သွားရင်တောင်မှ တပတ် တခေါက်တောင် မသွားနိုင်ဘူး၊ အဲ့လိုမျိုးဖြစ်နေတာ။”

ကုန်စည်အနည်းငယ်စီးဆင်းနိုင်တာဆိုလို့ ဂန့်ဂေါဘက်ကနေ မတူပီမြို့နယ်ထဲကိုဖြတ်သန်းပြီး ဟားခါးမြို့ထဲဝင်ရောက်တဲ့လမ်းပဲရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

အရင်က ရန်ကုန်ကနေဟားခါးကို တရက်ခရီးသာကြာမြင့်ပြီး အခုအခါ လမ်းမှာ ၅ ရက်နီးပါး ကြာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဟားခါးမြို့ထဲမှာ စက်သုံးဆီပြတ်လပ်နေတဲ့အတွက် ကားအသွားအလာမရှိသလောက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကလေး−ဟားခါးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ ၁ လကျော်ကြာမြင့်နေပြီး တိုက်ပွဲအတွင်း စစ်တပ်ယာဉ်တန်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဟားခါးမြို့အနီး ချွမ်ကျုံးရွာမှာ ဒီကနေ့အထိ တိုက်ပွဲတွေဆက်ရှိနေသလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ နေ့စဉ်ရက်ဆက်ဆိုသလို လုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ တိုက်ပွဲအတွင်း ဟားခါးမြို့အနီးက မြေအောက်ဖိုက်ဘာကြိုးကို လက်နက်ကြီးထိမှန်ပျက်စီးသွားတဲ့ အတွက် အင်တာနက်ပြတ်တောက်နေတယ်လို့လည်း ဆိုပါတယ်။ အခုလို ဟားခါးမြို့အနီးတဝိုက် တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG