မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ကျေးရွာမှာ မြန်မာစစ်တပ်ထွက်ခွာသွားတဲ့နောက် ရုပ်အလောင်းတချို့တွေ့ရပြီး၊ အဲဒီအထဲ ငလိုင်ကျေးရွာသားနှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟားခါးမြို့နေ မတူပီ မင်းတပ်မြို့တွေဆီ ခရီးသွားတွေကိုလည်း ရပ်ကွက်ထောက်ခံစာပါမှ သွားလာခွင့်ပြုပါတယ်။ ချင်းပြည်နယ်တွင်းအခြေအနေ သတင်ပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြပါမယ်။
မတူပီ - ဟားခါး လမ်းပိုင်းမှာရှိပြီး မတူပီမြို့နဲ့ ၆ မိုင်သာကွာဝေးတဲ့ ငလိုင်ကျေးရွာကို မြန်မာစစ်တပ်က အခုလ ၁၅ ရက်က နယ်မြေရှင်းလင်းရေးလုပ်ချိန် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားပြီး မြန်မာစစ်တပ်ထွက်ခွါသွားချိန်မှာတော့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပြီး ရုပ်အလောင်း ၂ လောင်း ငလိုင်ကျေးရွာသားတွေဖြစ်ပြီး ကျန်တဲ့ရုပ်အလောင်းတွေကို အတည်မပြုနိုင်သေးပါဘူး။ အခုအချိန်မှာတော့ ဒေသတွင်းနယ်မြေမတည်မငြိမ်ရှိနေပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ မတူပီ CDF ပြန်ကြားရေး တာဝန်ရှိသူက ပြောပြပါတယ်။
“အခုသူတို့က သူတို့ရဲ့ထိန်းချုပ်နယ်မြေပေါ့ သူတို့ကင်းစခန်းတွေမှာပဲနေတော့တယ်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ရှေ့ဆက်မတိုးတဲ့အခါမှာ တိုက်ပွဲကလည်း မဖြစ်တော့ဘူးပေါ့ အခု လောလောဆယ်တော့။ နယ်မြေက မတည်မငြိမ်ဖြစ်နေတဲ့အတွက်ကြောင့် တိုက်ပွဲတွေတော့ အချိန်မရွေး ပြန်လည်ဖြစ်လာနိုင်တဲ့ အခြေအနေတွေရှိတယ်။ စကစ ဘက်ကတော့ ဒီအချိန်ထိ လက်နက်ကြီးတွေ အသုံးပြုပြီး တောက်လျှောက် ရမ်းသမ်း ပစ်ခတ်မှုတွေတော့ လုပ်ဆောင်နေတုန်း။ ပြီးရင်တော့ ငလိုင်ကျေးရွာမှာလည်း သူတို့မီးရှို့ထားတဲ့နေရာတွေရှိတယ်။ အခုနယ်မြေရှင်းလင်းရေးလုပ်နေတဲ့ကာလမို့လို့ ကျွန်တော်အတည်ပြုနိုင်သလောက်က ပြည်သူ ၂ ယောက်က အသတ်ခံထိထားတယ်ပေါ့။”
ငလိုင်ကျေးရွာကို မတူပီ CDF တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းတာတွေလုပ်ချိန် ရုပ်အလောင်း စုစုပေါင်း ၆ လောင်းတွေ့ရှိခဲ့ရပြီး ၂ လောင်းမှာ ကျေးရွာသားဖြစ်ပြီး ကျန်ရုပ်အလောင်းတွေကို အတည်ပြုဖို့ ကြိုစားနေတယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေတိုက်ပွဲအတွင်း မတူပီ CDF ဘက်ကလည်း တဦးကျဆုံးခဲ့သလို မြန်မာစစ်တပ်ဘက်ကလည်း အကျအဆုံးတွေရှိတယ်လို့လည်း ပြောပါတယ်။
ဒ့ါအပြင် ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးကနေ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးတင်းမာနေတဲ့ မတူပီ မင်းတပ် လမ်းပိုင်းကို သွားလာမယ့်သူတွေအနေနဲ့ ဇန်ဝါရီ ၂၃ ရက်ကစလို့ ရပ်ကွက် ထောက်ခံစာပါမှ သွားလာခွင့်ပြုတော့တယ်လို့ ဟားခါး ဒေသခံတွေက ပြောပါတယ်။
ဟားခါးမြို့မှာ ဟားခါး ဂန့်ဂေါ - ကလေး - ထန်တလန် - မတူပီ မြို့အထွက် စစ်ဆေးရေး ဂိတ် ၄ ဂိတ်ရှိပြီး ဟားခါး မတူပီ ဂိတ်တစ်ခုတည်းကိုသာ ထောက်ခံစာတောင်းနေတာလို့ ဟားခါးဒေသခံတဦးက ပြောပါတယ်။
“ဟားခါးကနေ မတူပီထွက်သွားတဲ့လမ်းပေါ့လေ ဟားခါးမြို့အထွက်ပေါ့။ အဲ့ဒီ့စစ်ဆေးရေးဂိတ်မှာ ခရီးသွားလာတဲ့သူတွေကို ဒီနေ့ကနေစပြီးတော့ ခရီးသွားလာတဲ့သူတွေက ရပ်ကွက်ထောက်ခံစာတို့ လက်မှတ်ရေးထိုးထားတဲ့ ထောက်ခံစာပါတဲ့သူတွေကိုပဲ လွှတ်တော့မယ်တဲ့ အဲ့ဒီ့ထောက်ခံစာ မပါဘူးဆိုရင် ခရီးသွားမရဘူးဆိုတာကို ခရီးသွားလာသူတွေကိုပေါ့ သူတို့ပြောတာပေါ့။ အခုမတူပီမှာ စစ်ကြောင်းထိုးနေတာဆိုတော့ အဲ့ဒီတိုက်ပွဲနဲ့လည်း ဆိုင်ကောင်းဆိုင်နိုင်တယ် အခုတလော မနေ့ကလည်း မင်းတပ်မှာသူတို့လေယာဉ်နဲ့ ပစ်တယ်လို့ ကျွန်တော်တို့ ကြားသိရတယ် အဲ့ဒီအတွက်သူတို့က အဲ့ဒီ့ဘက် သွားတဲ့လမ်းကို နည်းနည်း စစ်တယ်လို့ ကျွန်တော်တို့က ထင်တယ်။”
ချင်းပြည်နယ် ဟားခါးမြို့မှာ ရပ်ကွက် ၉ ခုရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ အားလုံး အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်ခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ ရပ်ကွက် ၉ ခုမှာ စစ်ကောင်စီက ရပ်ကွက် တစ်ခုတည်းကိုသာ အုပ်ချုပ်ရေးမှူး ခန့်ထားတာရှိပြီး ကျန်ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေမရှိတဲ့အတွက် အခုလို တားမြစ်ကန့်သတ်ချက်တွေ ပြုလုပ်လိုက်ချိန်မှာတော့ ခရီးသွားထောက်ခံစာရဖို့ ဒေသခံတွေအခက်ကြုံနေကြရပါတယ်။
{Unicode}