သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်ဒေသခံ ၃ ဦးသေဆုံး


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါရွာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံတချို့သေဆုံး (ဧပြီ ၁၆၊ ၂၀၂၃)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါရွာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံတချို့သေဆုံး (ဧပြီ ၁၆၊ ၂၀၂၃)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါ ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး ၂ ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ရပါတယ်။ မင်းတပ်မြို့နဲ့ ကပ်လျက်ရှိတဲ့ ဆောမြို့မှာလည်း စစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေပါတယ်။ အရပ်သား သေဆုံးတာတွေအပြင် စစ်ဘေးရှောင်အခြေအနေတွေရဲ့ အခြေအနေအကြောင်း သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှာရှိတဲ့ ပန်းပါရွာကို ဧပြီ ၁၆ ရက်၊ မနေ့ ညနေပိုင်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးအပြင် အသက် ၇၀ အရွယ်အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် အဆောက်အဦးအချို့လည်း ပျက်ဆီးခဲ့ရပါတယ်။ ဒီအခြေနေတွေနဲ့ ပတ်သက်လို့ မင်းတပ် CDF သတင်းနဲ့ပြန်ကြားရေး မှတ်တမ်းဌာနက တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ညနေ ၃ နာရီနဲ့ ၄ နာရီ သူတို့ရဲ့ ဂျက်ဖိုက်တာတွေနဲ့ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ပန်းပါ ကျေးရွာဘက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ လေယာဉ်ကတော့ ၆ ကြိမ်လာတယ်၊ ဗုံး ၁၇ လုံးလောက် ကြဲချခဲ့ပါတယ်။ ပြည်သူနေထိုင်တဲ့ ကျေးရွာထဲကို ဒီလို တိုက်ခိုက်မှုတွေကြောင့် အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦး၊ ပြီးရင်ကလေး ယောက်ကျားလေး အသက် ၄ နှစ်အရွယ် ၁ ဦး၊ ကျဆုံးသွားတယ်ပေါ့။ နောက်ဆက်တွဲမှာပဲ ညပိုင်းမှာပဲ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး မိန်းကလေး ၁ ဦး ထပ်ပြီး သေဆုံးသွားတာ ရှိပါတယ်။ အဓိက ကျွန်တော်တို့ ပြောချင်တာက မြေပြင်တိုက်ပွဲတွေမှာ စကစ က အထိနာနေတဲ့အချိန်မှာ ကျွန်တော်တို့ကို လေကြောင်းနဲ့ ပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ အညှိုးအတေးကြီးစွာနဲ့ ကျွန်တော်တို့ကို ပြန်ပြီး စစ်ရာဇဝတ် ကျူးလွန်ပြီး ဒီလို တိုက်ခိုက်နေတာလို့ ပြောချင်ပါတယ်။”

ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသား ၂ ဦး အမျိုးသမီး ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၉ လုံးလည်း ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်မှာ ဆောမြို့နဲ့ မင်းတပ်မြို့ကြားအပြင်၊ ဧပြီလ ၁၁ ရက်မှာတော့ မင်းတပ်မြို့ အနောက်ဖက် ၉ မိုင်တို့မှာလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဒီလို မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတဲ့အတွက်ကြောင့် ဒေသခံတွေကို ဗုံးခိုကျင်းတွေ တူးထားကြဖို့ CDF မင်းတပ်က အသိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီဒေသမှာ အခုလို လေကြောင်းတိုက်ခိုက်တာအပြင် ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေရှိနေတဲ့အတွက် ဒေသခံတွေဟာ ဆောမြို့နယ်ထဲကို ဘေးလွတ်ရာ တိမ်းရှောင်နေရတာတွေလည်း ရှိနေပါတယ်။ လက်ရှိ ဆောမြို့နယ်ထဲမှာ စစ်ဘေးရှောင် ၂ ထောင်နီးပါးရှိနေပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆောမြို့နယ် အမျိုသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးက တာဝန်ရှိသူ တဦးက အခုလို ပြောပြပါတယ်။

“လူဦးရေက တအားများတဲ့အခါကျတော့ ကျွန်မတို့က စားနပ်ရိက္ခာ ပုံမှန် မရှာပေးနိုင်ဘူးပေါ့နော်။ အလှူရှင်တွေနဲ့ပဲ ချိတ်သွားနေရတာရှိတယ်။ အဓိက စားနပ်ရိက္ခာပဲ လိုအပ်တာပါ။ ၂ ထောင်ကျော်မယ်။ ပြန်လို့ရမယ့်အခြေအနေ မရှိသေးဘူး။ မနက်ဖြန်၊ သဖက်ခါလောက် ပြန်မယ်ဆိုရင် ထပ်ဖြစ်တယ်။ လေယာဉ်တွေနဲ့ဝဲတယ်။ အဲ့လိုမျိုးတွေဆိုတော့ ပြန်ဖို့လုပ်ရင်း မပြန်ရရင်းနဲ့ လုံးလုံးမပြန်ရတဲ့ မိသားစုတွေက ၁ ထောင်လောက်က လုံးလုံးပြန်မရဘူး။ စလင်းဘက်ကနေ လာရှောင်တဲ့ဟာတွေကြတော့ တရွာလုံး မီးရှို့သွားတဲ့အတွက် လုံးလုံးပြန်စရာ အိမ်မရှိတော့ဘူးပေါ့နော်။ အဲ့နယ်စပ်ကိုလည်း ဖြတ်ကျော်လို့မရဘူးပေါ့။ အဲ့မိသားစုတွေရှိမယ်။ ပြီးရင် ချင်းပြည်ကလည်း သူတို့မြို့ကို ပြန်လို့မရတဲ့ နေရာတွေရှိတယ်။ လူဦးရေ ၁ ထောင်ကျော်ကျော် ၁,၂၀၀ လောက်က လုံးလုံး ပြန်မရတဲ့အနေအထားမှာရှိတယ်။ ကျန်တဲ့ ၈၀၀ လောက်က နည်းနည်းနီးတဲ့နေရာတွေက ပြန်လိုက်၊ လာလိုက် နည်းနည်းနီးတဲ့ရွာတွေက အခြေအနေကောင်းရင် ပြန်သွားတယ်။”

ဒေသခံတွေဟာ ဆောမြို့နယ်အပြင် မင်းတပ်မြို့နယ်ထဲက တောတောင်တွေထဲမှာ တိမ်းရှောင်နေရတာတွေလည်းရှိပြီး အရေးအပေါ် အကူအညီတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန် မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေ ရှိတာကြောင့် ဒေသခံတွေဟာ စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG