သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့အနီးက ဒေသခံ ၁၁ ဦးထက်မနည်း သေဆုံး


ဖလမ်း-ဟားခါးလမ်းမကြီးအနီး တိုက်ပွဲတွေကြောင့် အသွားအလာသတိထားကြဖို့ ‌ဒေသကာကွယ်ရေးအဖွဲ့တွေထုတ်ပြန်ထားပါတယ်။ (မတ်လ ၁၉၊ ၂၀၂၃)
ဖလမ်း-ဟားခါးလမ်းမကြီးအနီး တိုက်ပွဲတွေကြောင့် အသွားအလာသတိထားကြဖို့ ‌ဒေသကာကွယ်ရေးအဖွဲ့တွေထုတ်ပြန်ထားပါတယ်။ (မတ်လ ၁၉၊ ၂၀၂၃)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းက ၂ နေရာကို စစ်တပ်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ထန်တလန်မြို့နယ်ထဲမှာလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ချင်းပြည်နယ်ထဲက နောက်ဆုံးအခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က ပြောပြပါမယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဝေဘူလမြို့နဲ့ ဗားရ်ရွာတို့ကို စစ်တပ်က ဧပြီ ၁၀ ရက်၊ ဒီကနေ့မနက် ၁၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဝေဘူလမြို့ ဘောလုံးကွင်းနဲ့ စာသင်ကျောင်း အနီးကို ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး လက်ရှိမှာ ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရသူတွေလည်းရှိနေပါတယ်။

ဒါ့အပြင် ထန်တလန်မြို့၊ တလန်ပီးရွာက ချင်းအမျိုးသားတပ်ဦး (CNF) စခန်းတခုကိုလည်း ဗုံးကြဲခဲ့ပါသေးတယ်။ ဒီကနေ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးတာတွေနဲ့ ပတ်သက်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ဒီနေ့ တနေ့တည်းမှာပဲ စစ်ကောင်စီက ချင်းပြည်နယ်မှာ ၃ နေရာမှာပေါ့နော်။ ထန်တလန်မြို့နယ်နဲ့၊ ဖလမ်းမြို့နယ် ၃ နေရာမှာ အနည်းဆုံး ၁၀ ကျော်ပေါ့နော်၊ လေယာဉ်တိုက်ခိုက်မှုတွေ ပြုလုပ်တယ်။ (ဖလမ်း) ဝေဘူလရွာဆိုရင်တော့ အရပ်သား ၁၁ ယောက်သေဆုံးပြီးတော့ အခု ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ ပျက်စီးမှုတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့ အခြေအနေလည်းရှိနိုင်တယ်လို့ မြေပြင်သတင်းအရ ကျွန်တော်တို့ သိရတယ်။ ပြီးရင်တော့ ဖလမ်းမြို့နားက ဗားရ်(ရွာ)မှာ တိုက်ပွဲဖြစ်ပြီးတော့ အဲ့မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ကြဲတယ်။ အဲ့ဗားရ်ရွာမှာ စစ်ဘေးရှောင်တဲ့သူတွေမှာလည်း ထိခိုက်မှုတွေရှိတယ်လို့ ကျွန်တော်တို့သိရတယ်။ ပြီးရင်တော့ ထန်တလန်မြို့နယ်၊ တလန်ပီးရွာက CNF စခန်းကိုလည်း ဗုံးကြဲပြီးတော့ ပျက်စီးမှုတွေလည်း ကျွန်တော်တို့ အခုထိ အတိအကျ မသိရသေးဘူးပေါ့။”

ဝေဘုလ ဟာ အရင်က ကျေးရွာအဆင့်ရှိခဲ့ရာက အခုချိန်မှာ မြို့အဖြစ် တိုးမြင့် သတ်မှတ်ထားတဲ့နေရာ ဖြစ်ပါတယ်။ ဗားရ်ကျေးရွာက စစ်တပ် တပ်စွဲထားတဲ့ စခန်းကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မကြာခင်မှာပဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာလည်း ဖြစ်ပါတယ်။ ဝေဘူလမြို့မှာ စစ်ကောင်စီ ဗုံးကြဲတာကြောင့် နေအိမ်တွေ မီးလောင်တာ ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောပြပါတယ်။

“အဲ့စစ်ကောင်စီဘက်က စခန်းမှာ ပထမဆုံးကြဲတယ်။ ဒုတိယအကြိမ်ကို ဝေဘူလမှာကြဲတယ်။ (မြို့) ဘောလုံးကွင်း ပတ်ချာလည်ပဲကြဲသွားတာ။ ကျောင်းနဲ့ဘောလုံးကွင်းက တဆက်တည်းပဲလေ။ အဲ့ဘောလုံးကွင်းနားက အိမ်တွေအကုန်လုံး မီးတွေလောင်လို့ ပြာကျတဲ့ဟာ ပြာကျနေပြီ။”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ စစ်တပ်ဟာ ချင်းပြည်နယ်ကို လေကြောင်းကနေသာ အဓိက အားထား ဗုံးကြဲပြီး နယ်မြေ ရှင်းလင်းတာတွေ လုပ်နေတာပါ။ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း ထန်တလန်မြို့နယ်၊ ခွါဖိုးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေ အပါအဝင် ကျေးရွာသား ဒေသခံ အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ အလယ်ကတည်းက ကားအစီး ၃၀ နီးပါးနဲ့ ကလေးမြို့ကနေ ဟားခါးမြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့တွေဟာ ဖလမ်းမြို့နဲ့ ဟားခါးမြို့ကြားမှာ တိုက်ပွဲတွေနေ့စဉ် ရက်ဆက် ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ဟားခါးနဲ့ ဖလမ်းကြားမှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေ မီးရှို့ခံရတာတွေရှိနေပြီး စစ်ရေး တင်းမာနေပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG