သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုတွေကြောင့် ချင်းပြည်နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အထိနာ 


ချင်း တောင်တန်း တနေရာ/ ချင်းပြည်နယ် (photo: C J )
ချင်း တောင်တန်း တနေရာ/ ချင်းပြည်နယ် (photo: C J )

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ဒေသတွေမှာ အဓိကတောင်ယာ စပါး စိုက်ပျိုးရေးလုပ်ငန်းတွေ ဆုတ်ယုတ်လာရာကနေ အခုအခါမှာတော့ အားလုံးနီးပါးလောက် မလုပ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီအကြောင်း လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်းကနေ မကြာသေးခင်ကမှ ချင်းပြည်နယ်ကနေ အိန္ဒိယနယ်စပ်ထွက်ပြေးလာတဲ့ CDM ကျောင်းဆရာမတဦး နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတဦး တို့ကို ဆက်သွယ်ပြီး တင်ပြထားပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ကတဖက် ၊ ချင်းကာကွယ်ရေး CDF နဲ့ ချင်းအမျိုးသားတပ်ဦး CNF ပူးပေါင်းတပ်ဖွဲ့တွေက တဖက် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ် နဲ့ မင်းတပ်မြို့နယ်တွေမှာ ဒေသခံတွေဟာ နေရပ်မှာ မနေနိုင်ပဲ စစ်ပြေးနေကြရတဲ့အတွက် ရိုးရာအရ အဓိကစိုက်ပျိုးရေးဖြစ်တဲ့ တောင်ယာလုပ်ငန်းကို မလုပ်နိုင်ကြပါဘူး။ အဲဒီဒေသတွေက ဒေသခံ ချင်းလူမျိုးအများစုဟာ တောတောင်တွေထဲက သစ်ဥသစ်ဖုတွေကို အားပြုပြီးစားနေကြရတယ်လို့ လေ့လာသိရှိပါတယ်။ မကြာသေးခင်က အိန္ဒိယနယ်စပ်ကို ရောက်ရှိလာတဲ့ မတူပီမြို့နယ် က CDM ချင်းကျောင်ဆရာမ Mai Malsawmii ကလည်း အဲဒီဒေသတွေက အခြေအနေတွေကို အခုလို ပြောပြပါတယ်။

"တောင်ယာတို့ ဘာတို့ ခုတ်တယ်ဆိုတာ မရှိတော့ဘူး။ ဟိုပြေးဒီပြေးနဲ့ ဆိုတော့သိပ်အဆင်မပြေတော့ဘူး။ စစ်သားတွေ စစ်ကြောင်းတွေ ထိုးနေတော့ တောင်ယာကို ထားခဲ့ပြီးတော့ ထွက်ပြေးကုန်ပြီး ရန်ကုန်တို့၊အိန္ဒိယတို့၊ မလေးရှား တို့ကို ထွက်ပြေးကုန်ကြတယ်။ မတူပီမြို့နဲ့ နီးတဲ့ရွာတွေဆို စစ်သားတွေက ခဏခဏလာကြတယ်။ ဗုံးတွေလည်း ၊ လက်နက်ကြီးတွေလည်း အမြဲတန်း ချတယ်ဆိုတော့ စစ်ကြောင်းထိုးပြီဆိုရင် CDF၊ PDF ရှိတယ်လို့ သိတယ်ဆိုရင်တော့ အိမ်တွေဆိုရင် ရစရာမရှိအောင် အကုန်လုံး မီးရှို့ပစ်တာ။ လူတွေက ဟိုပြေး ဒီပြေး ပြေးနေကြရတာဆိုတော့ တောင်ယာစိုက်ခင်းကို လုပ်ချိန်ကို မရှိတော့တာ။ မင်းတပ်ဖက်က ပိုဆိုးတာပေါ့။ သူတို့ဆီမှာ စစ်ကြောင်းအမြဲတန်းရှိတော့။ ထန်တလန်ဘက်ကမှာလည်း အတူတူပါပဲ ။ သူတို့က တောထဲက ကန်စွန်းဥတွေ ၊ ပိန်းဥ၊ ကျောက်ဖရုံသီးတွေ ဆန်နည်းနည်းထဲရော စားကြရတာ။"

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ ကုန်းကြောင်းကနေရော ၊ လေကြောင်းကနေပါ တိုက်ခိုက်နေကြတဲ့အတွက် ဒေသခံတွေဟာ စိုက်ပျိုးရေးကို အားလုံကို မလုပ်နိုင်ကြတော့သလောက် ဖြစ်ကုန်ကြပါတယ်။ အဓိကကျတဲ့ တောင်ယာစပါးအပြင် တောင်ကြား ချောင်းတွေအနီး မြေအနည်းငယ် ပြန့်တဲ့နေရာတွေမှာရှိကြတဲ့ ပုံမှန် စပါးစိုက် လယ်ကွင်းတွေကိုလည်း ပိုင်ရှင်တွေက ထွက်ပြေးနေရတဲ့အတွက် စိုက်ပျိုးနိုင်ခြင်းမရှိတော့ပါဘူး။ အဲဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနယ်စပ်မှာ အခြေစိုက်ထားတဲ့ ချင်းလူအခွင့်အရေးအဖွဲ့ CHRO က ပူးတယ်ရက အခုလိုရှင်းပြပါတယ်။

အခု ထန်တလန်မြို့နယ်မှာဆိုရင် တောင်ယာသူတို့မလုပ်ကြတော့ဘူး။ သူတို့အားလုံး ပြေးလွှားကြတာဆိုတော့ မြို့နယ်တခုလုံးပေါ့နော်။ စစ်ဘေးရှောင်လိုပဲဖြစ်ကြတာပေါ့။ အဲဒီမှာ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိတော့ သူတို့လုံးဝကို မလုပ်နိုင်တော့ဘူး။ သူတို့ပုန်းအောင်နေရတယ်။ မတူပီမြို့နယ်မှာတော့ စစ်ကောင်စီ စစ်ကြောင်းတွေကြောင့် မလုပ်နိုင်တော့ဘူး။ မင်းတပ်မြို့နယ်မှာဆိုရင်လည်း တောတောင်မှာ ရတဲ့နည်းလမ်းနဲ့ သစ်ဥသစ်ဖုတွေ စားလို့ရသမျှမှန်သမျှ သူတို့စားကြတာပေါ့။ ပိန်းဥဆိုရင်လည်း ဥအရိုင်းပေါ့။ တောမှာရှိတာကို ရှာစားကြတယ်။ ပုံမှန်လယ်တွေကတော့ အဲဒါလည်း သူတို့ မစိုက်နိုင်ကြတော့ဘူး။ စစ်ရေးလှုပ်ရှားမှုများတော့ သူတို့လုံးဝစိုက်လို့မရကြဘူး။ လုံခြုံရေးအရ လုံးဝစိုက်လို့မရကြဘူး။"

အခုအချိန်ဟာဆိုရင် ချင်းတောင်ပေါ်မှာ ရိုးရာအရ အလှည့်ကျစနစ်နဲ့ တောင်ယာခုတ်ထားတာတွေကို မီးရှို့ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ အဲဒီလို မလုပ်နိုင်တော့တဲ့အတွက်ကြောင့် ဒေသထွက်တောင်ယာ စပါးလည်း မရှိတော့ပါဘူး။ စစ်အာဏာမသိမ်းခင်ကဆိုရင် အဲဒီဒေသတွေမှာ တောင်ယာထွက် စပါး မလုံလောက်ရင် မြေပြန့်ကနေ ဆန်ကိုအလွယ်တကူ ဝယ်ယူနိုင်ကြပါတယ်။ အခုအခါမှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောင်ကုန်တဲ့အတွက် အဲဒီလိုလည်း မလုပ်နိုင်ကြတော့ပါဘူး။ ဒါအပြင် စစ်အာဏာမသိမ်းခင် အရင်နှစ်တွေကဆိုရင် အဲဒီ မတူပီ၊ မင်းတပ် ၊ ကန်ပက်လက် စတဲ့ မြို့နယ်တွေ အပါအဝင် ချင်းပြည်နယ်မှာ ဝါးဥ စိုက်ပျိုးရေး အောင်မြင်ပြီး တရုတ်နယ်စပ်ကို တင်ပို့ကြတဲ့အတွက် ဒေသခံတွေအတွက် ဝင်ငွေရ သီးနှံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေပြန့်ကနေ ချင်းတောင်ကို တက်ပြီးဝယ်မဲ့သူ မရှိတော့တဲ့အတွက် အဲဒီစိုက်ပျိုးရေးလည်း လုံးဝပျက်စီးသွားပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း မကြာသေးခင် က အိန္ဒိယနယ်စပ်ကို ရောက်ရှိလာတဲ့ မတူပီမြို့နယ် က CDM ချင်းကျောင်ဆရာမ Mai Malsawmii ကပဲ အခုလို ပြောပြပါတယ်။

"ချင်းပြည်နယ်တခုလုံးက ဝါးဥထွက်တယ်။ အရင်တုံးက တသောင်း ၂ ထောင်လောက်ရှိတယ်။ ဒါပေမယ့် အခု စစ်အာဏာသိမ်းပြီးတော့ကြတော့ ဘယ်သူမှ လာမကောက်ရဲတော့ဘူး။ မကောက်တော့ကြတော့ ဝါးဥလည်း ပုတ်နေတာပဲ ။ မြေကြီးထဲမှာလေ။ အဲဒီ ဝါးဥနဲ့ပဲ ပညာရေးဖက်ရော၊ အစားအသောက်ဖက်ရော အဲလိုနဲ့ပဲ ထောက်ပန့်ကြတာ ။ အခုဟာက ဝါးဥလည်း ဈေးမရှိတော့ဘူးဆိုတော့ ဒီအတိုင်းပဲ မဝယ်ကြတော့ဘူး။"

ဒါအပြင် ထန်တလန်မြို့နယ် အပါအဝင် ချင်းပြည်နယ် မြောက်ပိုင်းမှာ တပိုင်တနိုင် ပန်းသီးစိုက်ပျိုးကြတာတွေရှိပြီး မြောက်ပိုင်းက မတူပီ၊ မင်းတပ်၊ကန်ပက်လက်စတဲ့ မြို့နယ်တွေမှာလည်း ကော်ဖီနဲ့ ထောပတ်သီး စိုက်ခင်း အနည်းငယ်စီရှိကြပါတယ်။ ဒါကြောင့် စစ်အာဏာမသိမ်းခင်က အဲဒါတွေကို ချင်းပြည်နယ်မှာ စီးပွားဖြစ် တိုးချဲ့ စိုက်ပျိုးရေးလုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ ကုမ္ပဏီတွေက စမ်းသပ်မှုတွေ လုပ်ကြဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီ အစီအစဉ်လည်း ပျက်ပြီး ရှိပြီးသား စိုက်ထားတဲ့အပင်တွေရဲ့ ပိုင်ရှင်တွေလည်း စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ ထွက်ပြေးနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG