သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလားတန်စီမံကိန်းအရ အိန္ဒိယနဲ့ မြန်မာအကြား စစ်တွေဆိပ်ကမ်းကနေ ကုန်သွယ်မှုတွေ ရှိနေ


ကုလားတန်စီမံကိန်းအရ အိန္ဒိယနဲ့ မြန်မာအကြား ကုန်သွယ်မည့် ရေလမ်းကြောင်း (Credit-Wiki)
ကုလားတန်စီမံကိန်းအရ အိန္ဒိယနဲ့ မြန်မာအကြား ကုန်သွယ်မည့် ရေလမ်းကြောင်း (Credit-Wiki)

[[Zawgyi/Unicode]]

ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို အသုံးပြုပြီးတော့ ရခိုင်နဲ့အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်မှုတွေ ရှိနေပြီလို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။ ဒီကုလားတန် စီမံကိန်းဟာ ရခိုင်ပြည်နယ် စီပွားရေးကို တိုးတက် ကောင်းမွန်လာနိုင်သလို ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူ ပြုလာနိုင်တယ်လို့လည်း စီးပွားရေးလုပ်နင်းရှင်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် မတိုင်ခင်ကတည်းက တည်ဆောက်နေတဲ့ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို အသုံးပြုပြီးတော့ ရခိုင်နဲ့အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်မှုတွေ ရှိနေပြီလို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။

“ဆိုတော့ အခုလက်ရှိအနေအထားမှာ ဘယ်အဆင့်ထိရှိနေပြီလဲဆိုတော့ စစ်တွေမှာရှိနေတဲ့ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရဲ့ ဆိပ်ကမ်းဟာ လုံးဝ ပြီးနေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဒီဆိပ်ကမ်းကို နိုင်ငံတကာကို သွားလာလို့ရတဲ့ International seaport အဖြစ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ လိုအပ်တဲ့အထောက်အထား ပြည့်ပြည့်စုံစုံတော့ မရသေးပါဘူး။ အခု ဒီဆိပ်ကမ်းကနေပြီးတော့ စစ်တွေနဲ့ ကာလကတ္တားကြားမှာ သင်္ဘောတွေ အခါ အားလျော်စွာ အသွားအပြန်လေးတွေ ရှိနေပြီဖြစ်ပါတယ်။ တရားဝင် ဖွင့်ပွဲကြီး မလုပ်သေးပေမယ့် အဲလိုပေါ့ သင်္ဘောတွေ အသွားအလာရှိတယ်။ နိုင်ငံတကာဆိပ်ကမ်း အနေနဲ့ အကုန်လုံး ပြည့်ပြည့်စုံစုံမဖြစ်သေးပေမယ့် ကြားလေးထဲမှာ ကြိုကြား ကြိုကြား အဲလို ကုန်သွယ်မှုတွေ ရှိနေတယ်ဆိုတာကို ပြောလိုခြင်းဖြစ်ပါတယ်။”

ဒီဆိပ်ကမ်းကို ဘယ်တော့ တရားဝင်ဖွင့်မယ်ဆိုတာတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစောပိုင်းကလည်း အဲဒီကုလားတန်စီမံကိန်းရဲ့ စစ်တွေဆိပ်ကမ်းကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ဆန်တန်ချိန် ၂၆၀၀ ကျော် ပို့ဆောင်ခဲ့ပါတယ်။ လက်ရှိမှာလည်း အိန္ဒိယနိုင်ငံကနေ ဘိလပ်မြေတင်သင်္ဘောတစီး စစ်တွေဆိပ်ကမ်းကို လာနေသလို အိန္ဒိယနိုင်ငံဖက်က မြန်မာပြည်က ပဲတွေကို ရသလောက် လိုချင်ကြောင်း ကမ်းလှမ်းထားတယ်လို့ ဦးလှသိန်းကပြောပါတယ်။
“ဒီရက်ပိုင်း ကုလားတန်မြစ်ကြောင်းစီမံကိန်းနဲ့ ပတ်သတ်ပြီး ကျနော်တို့ ရခိုင်အမျိုးသား ဦးမြင့်ဇော်ဆိုတာရှိပါတယ်၊ သူ ဟိုတလောက ကျနော်တို့ကို လာပြီးတော့ ဆက်သွယ်တယ်၊ အိန္ဒိယက ဘိလပ်မြေမှာထားတယ် မကြာခင်မှာလာမယ်၊ အဲဒီသင်္ဘေလာပြန်ထွက်တဲ့အခါ ကုန်လိုတယ်၊ လိုတဲ့အတွက်ကြောင့် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း ကုန်သည်ကြီးတွေနဲ့ ချိတ်ဆက်ရှိလို့ရှိရင် ချိတ်ပေးပါ၊ အဓိက ပဲ ရသလောက် လိုချင်ဆိုပြီးတော့ အဲလို ချိတ်ထားတာပေါ့နော်။”

အခုလို ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံဖက်ကို တိုက်ရိုက်ကုန်သွယ်မှုတွေ ရှိလာတာကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ များလာနိုင်သလို ကုန်သွယ်မှုနဲ့ ဆက်စပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေလည်း ပေါ်ပေါက်လာနိုင်တယ်လို့လည်း ရခိုင် စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အိန္ဒိယနိုင်ငံကလည်း ပဲ လိုအပ်ချက်တွေရှိတယ်။ စာချုပ်ချုပ်ထားတာတွေရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ဆိုတော့ကျနော်တို့ ရခိုင်ဖက်ကလည်း အိန္ဒိယကို တိုက်ရိုက်တင်ပို့နိုင်တဲ့ အခြေအနေရောက်နေပြီလို့ တွေ့ရပါတယ်ခင်ဗျ။ အဲလိုမျိုး ကုန်သွယ်မှုတွေ ဖွံ့ဖြိုးလာပြီဆိုရင် ကုန်သွယ်မှုနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ Logistics လုပ်ငန်းတွေ ပေါ်ပေါက်လာမယ်၊ နောက်တခုက ဒီလုပ်ငန်းကို အခြေပြုပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါ်ပေါက်လာမယ်လို့ မြင်ပါတယ်ခင်ဗျ။ ဒုတိယတခုကတော့ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ကုန်ထုတ်လုပ်ငန်းကို ဆွဲခေါ်လာနိုင်တယ်လို့ မြင်ပါတယ်။”

အဲဒါကြောင့်လည်း ဒီ ကုလားတန်မြစ်ကြောင်း စီမံကိန်းကနေ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ရခိုင်ပြည်နယ်ရဲ့ လူမှုစီးပွားတွေ တိုးတက်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ရခိုင်စီးပွားရေး လုပ်ငန်းရှင်က ပြောပါတယ်။

“ဒီစီမံကိန်းကနေ တဆင့်ပေါ့နော် ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ အထောက် အကူဖြစ်မယ်လို့ ကျနော်တို့ဖက်ကတော့ မျှော်လင့်ထားပါတယ်။ ဘာလို့လဲ ဆိုတော့ အရင်တုန်းကတော့ ကျနော်တို့ ရခိုင်ကနေ တိုက်ရိုက် တင်ပို့ခွင့်မရှိခဲ့ဘူးပေါ့။ အခုကတော့ ရခိုင်ကလည်း ဒေသထွက်ဆန်တန်ချိန် ၂,၅၀၀ တင်ပို့နိုင်ခဲ့တယ်၊ ဒီဆိပ်ကမ်းကို အသုံပြုပြီး ပေါ့နော်။ တိုက်ရိုက်တင်ပို့နိုင်တဲ့ အနေအထားကို ရောက်လာတယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်ဖက်က ထွက်ကုန်တွေကတော့ အားနည်းနေဆဲဖြစ်တယ်။ ထုတ်လုပ်မှု အပိုင်းတွေ တိုးတက်လာဖို့ လိုသေးတယ်။ အရင်က ထုတ်လုပ်မှုအပိုင်း မတိုးတက်ဘူးဆိုတာကလည်း အကုန်လုံးက ရခိုင်မှာဆိပ်ကမ်းမရှိတဲ့ အခါကျတော့ ဆိပ်ကမ်းရှိတဲ့ မြို့ကြီးတွေကို ပို့ရတယ်၊ ကုန်ကျစရိတ်တွေ များတာပေါ့နော်။ ”

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွဲ့ဖြိုးတိုးတက်ရေး စီမံကိန်းကို မြန်မာအစိုးရနဲ့ အိန္ဒိယ အစိုးရကြား ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်ကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၀၉ခုနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။

ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကုန်းတွင်းပိုင်းဒေသတွေအတွက် ကုန်ပစ္စည်းတွေကို ဘင်္ဂလားပင်လယ်အော်က တဆင့် ရခိုင်ပြည်နယ် စစ်တွေနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို ဖြတ်ပြီး ရေလမ်း ကုန်းလမ်းကနေ ပို့ဆောင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[[Unicode]]













ဆက်စပ်သတင်းများ ...

XS
SM
MD
LG