သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလားတန် စီမံကိန်း ထင်သာမြင်သာရှိဖို့ ဒေသခံအဖွဲ့တွေ တောင်းဆို


ကုလားတန်ဘက်စုံစီမံကိန်းမြေပုံ
ကုလားတန်ဘက်စုံစီမံကိန်းမြေပုံ
အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မယ့် ကုလားတန် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေရဲ့ အကျိုးရှိစေဖို့ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ဆောင်ရွက်ပေးပါလို့ ရခိုင်နဲ့ ချင်း လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းအသေးစိတ်ကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူလူထု အကျိုးစီးပွားကို အလေးထားဆောင်ရွက်ပါဆိုပြီး အိန္ဒိယနဲ့ မြန်မာအစိုးရကို အကြံပြုတောင်းဆိုထားတဲ့ “ခြေကျွံရင် နှုတ်ရခက်၊ ပြည်သူ့အကျိုးပြု ကုလားတန်စီမံကိန်း ဖြစ်စေရေး” ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ရခိုင်မြစ်ကြောင်း ကွန်ရက်အဖွဲ့က ရခိုင်၊ ချင်း လူ့အခွင့်အရေးအဖွဲ့နဲ့ ဇိုဌာနေ လူမျိုးနွယ်စုဖိုရမ်က ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်အစိုးရတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှာ ဒေသခံပြည်သူတွေပါ အပြည့်အဝ ပါဝင်ခွင့်ရှိဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဖို့၊ နောက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေး အလေးထား တောင်းဆိုတာ ဖြစ်တယ်လို့ ရခိုင်မြစ်ကြောင်း ကွန်ရက်အဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးတွမ်ဇော် က ပြောပါတယ်။

“မြန်မာပြည်ရဲ့ အဓိက အသေးဆုံးပြည်နယ် နှစ်ခုဖြစ်တဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ပေ့ါလေ ဒေသခံပြည်သူလူထုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေအတွက် လုပ်တယ်ဆိုပြီးတော့မှ အိန္ဒိယအစိုးရဘက်ကလည်း အဲ့လိုမျိုး အစီအစဉ်ရှိတယ်ပေါ့ တဘက်မှာလည်းပဲ နှစ်ဘက်အစိုးရကတော့ ကျနော်တို့ စီးပွားရေး အခွင့်အလန်းတွေ တိုးတက်လာရေး ကိစ္စအပေါ်မှာ လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာကျတော့ ဒီအပေါ်ကို မဦးတည်ဘူးလားဆိုတာ ကျနော်တို့က လေ့လာတွေ့ရှိချက်တွေကို တင်ပြခြင်းဖြစ်ပါတယ်။ ဒေသခံလူထုတွေ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် ကျနော်တို့ ယခင် အတွေ့အကြုံဟောင်းတွေကို မဖြစ်စေဖို့အတွက် ကျနော်တို့ အခုလည်းပဲ ကျနော်တို့ တွေ့ရှိချက်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို တွေ့နေရတဲ့အတွက် ဒါကို တင်ပြခြင်းဖြစ်ပါတယ်။”

ဒီစီမံကိန်း မစတင်ခင်မှာပဲ စီမံကိန်းတလျှောက် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ ကျန်းမာရေးကို သက်လျောက်လာစေမယ့် အခြေအနေတွေကို အရင် လေ့လာဆန်းစစ်သင့်ပြီးတော့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို တာဝန်ရှိတဲ့သူတွေအနေနဲ့ လူထုကို အသိပေးသင့်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှု အနောက်ကျဆုံးနဲ့ လမ်းပမ်းဆက်သွယ်မှု အခက်ခဲဆုံးလို့ စစ်တမ်းတွေက ဖော်ပြထားတဲ့ ချင်းပြည်နယ်ကို ဖြတ်ပြီးတော့ ရခိုင်ပြည်နယ်ကို အိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်မယ့် ကုလားတန် ဘက်စုံစီမံကိန်းကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ကုန်ကျမယ့် ၂၀၁၅ ခုနှစ်မှာ စီမံကိန်းပြီးစီးဖို့ မျှော်မှန်းထားတဲ့ ဒီစီမံကိန်းဟာ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကြား ပြည်တွင်းရေကြောင်းလိုင်းနဲ့ အဝေးပြေး ကုန်းလမ်း ပို့ဆောင်ရေးစနစ်တွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံအရှေ့ခြမ်း ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းကို ဆက်သွယ်မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကနေ ချင်းပြည်နယ် ပလက်ဝကို ဖြတ်ပြီး ရေကြောင်းလမ်းကို အသုံးပြုပြီး ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ကြမှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်တွင်းမှာ စီမံကိန်းတွင်း တည်ဆောက်ဆဲ အဝေးပြေးလမ်းကို သုံးပြီးတော့ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုမျိုး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲလှတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်းက လူထုတွေ အမှန်တကယ် အကျိုးဖြစ်ထွန်းစေဖို့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ အလေးထား ဆောင်ရွက်ဖို့ကိုလည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းဇာအုပ်လိန်း က တောင်းဆိုအကြံပြုပါတယ်။

“ကျနော်တို့ အဓိကဖြစ်စေချင်တာက ဒီလုပ်ငန်းကို ဆက်ပြီးတော့ မလုပ်ခင်မှာ စီးပွားရေးအရပဲဖြစ်ဖြစ်၊ လူမှုရေးကဏ္ဍပဲဖြစ်ဖြစ်၊ အဲ့ဒါ အကျိုးသက်ရောက်စေမယ့် ပြည်သူကို အကျိုးသက်ရောက်မှု ခံစားစေမယ်ဆိုတဲ့ဟာ ဆန်းစစ်တာမျိုး သူတို့ မလုပ်ရသေးပါဘူး။ Social Impact Assessment တို့ Environmental Impact Assessment တို့ ဒါတွေ သူတို့လုပ်တာ ကျနော်တို့ မတွေ့ရသေးဘူး။ အဲ့ဒါကြောင့် ဒါတွေကို လုပ်ပြီးမှ တကယ်လို့များ ဆိုးကျိုးများ တွေ့ခဲ့လို့ရှိရင် အဲ့ဒီဆိုးကျိုးကို အစိုးရအနေနဲ့ ရေရှည်အတွက်မှာပေါ့ ဘယ်လိုများ ဆောင်ရွက်နိုင်မလဲ။ ဆိုးကျိုးနည်းအောင် ပြည်သူတွေက ကောင်းကျိုးတွေ များများ ခံစားနိုင်ရအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ Assessment တွေ၊ စုံစမ်းစစ်ဆေးမှုတွေ သူတို့ အရင်လုပ်သင့်တယ်လို့ သူတို့ကို အကြံပြုချင်ပါတယ်။”

ကုလားတန်စီမံကိန်းတလျှောက် ဒေသခံပြည်သူတွေရဲ့ မြေယာသိမ်းဆည်းမှုတွေ၊ အတင်းအဓမ္မ ရွှေ့ပြောင်းမှုတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖျက်ဆီးမှုတွေ ကြုံလာနေရတဲ့အပေါ်မှာလည်း ထောက်ပြ ပြောဆိုထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်း လုပ်ဆောင်နေတဲ့ အကျိုးတူ စီမံကိန်းအချို့လို ဒေသခံပြည်သူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ မဖြစ်အောင် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ မကျေနပ်မှုတွေနဲ့ ကန့်ကွက်တာ မဟုတ်ဘဲ လူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ဖို့ အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရကို တိုက်တွန်းမှာ ဖြစ်တယ်လို့ ရခိုင်မြစ်ကြောင်း ကွန်ရက်အဖွဲ့က ပြောပါတယ်။

ဇွန်လ ၁၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီကုလားတန်စီမံကိန်း အစီရင်ခံစာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြား သတင်းထောက်များ အသင်းမှာ သတင်းစာ ရှင်းလင်းပွဲတရပ်ကိုလည်း ကျင်းပခဲ့ပါတယ်။ ဒီအစီရင်ခံစာကို ရခိုင်မြစ်ကြောင်း ကွန်ရက်အဖွဲ့မှ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်က လူ့အခွင့်အရေးအဖွဲ့၊ ချင်းပြည်နယ် ဇိုဌာနေလူမျိုးနွယ်စုဖိုရမ်က မီဇိုရမ်ပြည်နယ်အတွင်း ကုလားတန်စီမံကိန်းတလျှောက်က ပြည်သူတွေရဲ့ ကွင်းဆင်းလေ့လာ တွေ့ရှိချက်တွေကို အခြေခံ တင်ပြထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG