သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သင်္ဘော ၆ စင်း မြန်မာကို အိန္ဒိယ လွှဲအပ်


ကုလားတန် စီမံကိန်း မြေပုံ။
ကုလားတန် စီမံကိန်း မြေပုံ။

အိန္ဒိယနဲ့မြန်မာ ပူးတွဲ တည်ဆောက်နေတဲ့ ကုလားတန်မြစ် စီမံကိန်းရဲ့ အစိတ်အပိုင်း တခုအဖြစ်နဲ့ အိန္ဒိယက မြန်မာနိုင်ငံကို ကုန်တင်သင်္ဘော ၆ စင်း လွန်ခဲ့တဲ့ ၂ ရက် အတွင်းမှာ လှုလိုက်ကြောင်း တရုတ်နိုင်ငံထုတ် ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်ဒေါ်လာ ၈၁ သန်းကျော် တန်ဖိုးရှိတဲ့ အဲဒီ ကုန်တင်သင်္ဘောတွေကို စစ်တွေ ဆိပ်ကမ်းမှာ အိန္ဒိယက လွဲပြောင်းပေးအပ်လိုက်တာ ဖြစ်ပြီး ဒီသင်္ဘောတွေဟာ ကုန်ပစ္စည်းတွေနဲ့ ခရီးသည်တွေကို တင်ဆောင်ဖို့ အသင့်အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေက ထွက်တဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ အဲဒီသင်္ဘောတွေ ဆိုက်ကပ်နိုင်ရေးအတွက် သောင်တူးတဲ့ လုပ်ငန်းတွေကိုတော့ မကြာခင်မှာ စတင်မယ်လို့ ဆိုပါတယ်။

ဒလ၊ ဒဂုံဆိပ်ကမ်းနဲ့ ဒေါပုံ သင်္ဘောကျင်းတို့မှာ တည်ဆောက်ခဲ့ပြီး အလျား ၄၅ မီတာ၊ အနံ ၉.၅ မီတာကျယ်ရှိတဲ့ အဲဒီ သင်္ဘောတွေဟာ ကုန်ပစ္စည်းတန်ချိန် ၃၀၀ အထိ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ကုလားတန် ရေနက် စီမံကိန်းရဲ့ တစိတ်တဒေသတခုအဖြစ်နဲ့ ဟားခါးနဲ့ ပလက်ဝမြို့တို့မှာ ချင်းပြည်နယ် အစိုးရက စက်မှုဇုံ အသစ် ၂ ခု တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ သန်း ၄၈၀ ကုန်ကျမယ့် ဒီ ကုလားတန် စီမံကိန်းကို အဆင့် ၃ ဆင့်ခွဲပြီး တည်ဆောက်နေတာမှာ - ပထမအဆင့်မှာ စစ်တွေ ရေနက်စီမံကိန်းနဲ့ ပလက်၀ ဆိပ်ခံတံတား စီမံကိန်း၊ ကုလားတန် ရေကြောင်းလိုင်းတလျှောက် သောင်တူးခြင်းနဲ့ ကုန်တင်သင်္ဘော ၆ စင်း တည်ဆောက်ခြင်းတို့ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ - ပလက်ဝမြို့နဲ့ နယ်စပ်ဒေသတွေကို ဆက်သွယ်ပေးမယ့် ၁၀၉ ကီလိုမီတာရှည်တဲ့ လမ်းဖောက်လုပ်တာ ဖြစ်ပါတယ်။ တတိယအဆင့်မှာတော့ - အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်အတွင်းက Laungtalai မြို့နဲ့ မြန်မာနိုင်ငံက ချင်းပြည်နယ်ကို ဆက်စပ်ပေးမယ့် ကီလိုမီတာ ၆၀ ရှည်တဲ့ လမ်းဖောက်လုပ်ခြင်းတို့ ဖြစ်ပါတယ်။

ဒီ ကုလားတန်မြစ် စီမံကိန်း သဘောတူညီချက်အတွက် အိန္ဒိယနဲ့ မြန်မာအစိုးရတို့ ၂၀၀၈ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအတွင်း အိန္ဒိယရဲ့ ရင်းနှီးမြုပ်နံှမှုဟာ အမေရိကန် ဒေါ်လာ သန်း ၇၄၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG