သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အိန္ဒိယ နဲ့ စစ်တွေ


အိန္ဒိယ နဲ့ စစ်တွေ
please wait

No media source currently available

0:00 0:05:03 0:00
တိုက်ရိုက် လင့်ခ်


အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးထင်ကျော် သြဂုတ်လ (၂၉) ရက်နေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်းရဲ့  တိုးတက်မှုကို နှစ်ဘက်စလုံး အားရကျေနပ်မှု ရှိတယ်လို့ ဖော်ပြပါတယ်။ တဆက်တည်းမှာ စစ်တွေနဲ့ ပလက်ဝ အကြားက လုပ်ငန်းတွေကို ဒီဇင်ဘာလမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်ပိုင်း တွေ့ဆုံတိုင်း ကုလားတန်စီမံကိန်းကို မနှေးမမြန် အကောင်အထည်ဖော်ဖို့ ပြောလာတာ (၅) နှစ်လောက် ရှိပါပြီ။ စီမံကိန်းအကောင်အထည်ဖော်ဖို့ (၂၀၀၈) မှာ လက်မှတ်ထိုးထားတာမို့ (၈) နှစ် ရှိပါပြီ။

ကုလားတန်စီမံကိန်းမှာ အဓိကဖြစ်တဲ့ စစ်တွေရေနက်ဆိပ်ကမ်းနဲ့ ပလက်ဝဆိပ်ကမ်း ပြုပြင်မွမ်းမံမှုတွေ ပြီးစီးသွားပြီဆိုပေမယ့် စစ်တွေနဲ့ ပလက်ဝကြားက လုပ်ငန်းတွေ ပြီးစီးဖို့ ကျန်ရှိနေသေးတာကို ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီကြားထဲ အိန္ဒိယ၊ မြန်မာ၊ ထိုင်း (၃) နိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ တမူး၊ ကျီကုန်း၊ ကလက်ဝ ကားလမ်းဆောက်လုပ်ရေးနဲ့ ပလက်ဝ၊ ယာကြီး ကားလမ်းတည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးကြပါတယ်။ တမူး၊ မိုရေး၊ ရိဇိုခေါဒါ စတဲ့ နယ်စပ်ဂိတ်နဲ့ လူဝင်မှုကြီးကြပ်ရေးရုံး အမြန်ဆုံးဖွင့်နိုင်ဖို့လည်း နှစ်ဘက်ဆွေးနွေးကြပါတယ်။

အိန္ဒိယပြည်မနဲ့ ဆက်သွယ်ရခက်ခဲတဲ့ အရှေ့ မြောက်ပြည်နယ်တွေ ကုန်သွယ်ရေးလမ်းကြောင်း ပွင့်သွားအောင် ရည်ရွယ်တာဖြစ်ပြီး လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတည်းက ပြီးစီးမယ်လို့ ခန့်မှန်းထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ စစ်တွေဆိပ်ကမ်းမြို့ နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ကုန်လမ်းရေလမ်း ဆက်သွယ်ပေမယ့် စီမံကိန်းဖြစ်လို့ အိန္ဒိယအတွက် အလွန်အရေးကြီးပါတယ်။ ကုလားတန်စီမံကိန်းနဲ့အတူ အကောင်အထည်ဖော်ဖို့ အိန္ဒိယဘက်က မကြာခဏ ပြောလေ့ရှိတာကတော့ စစ်တွေ အထူးစီပွားရေးဇုန် တည်ဆောက်ရေး ဖြစ်ပါတယ်။ စစ်တွေ ရေနက်ဆိပ်ကမ်းအတွက် အမေရိကန်ဒေါ်လာသန်းတစ်ရာကျော် အကုန်ခံထားပြီး ကုလားတန်စီမံကိန်းတခုလုံးအတွက် ဒေါ်လာသန်း လေးရာကျော်သုံးဖို့ ခန့်မှန်းထားပါတယ်။ ကျောက်ဖြူဒေသက တရုတ်အရင်းအနှီးဟာ ဒေါ်လာသန်း လေးထောင်ကျော် ရှိပါတယ်။

အိန္ဒိယနယ်စပ်မိုရေးကနေ မြန်မာပြည်ကိုဖြတ်ပြီး မဲဆောက်အထိ ကားလမ်းဖောက်ဖို့ သဘောတူထားတာ (၂၀၀၂) ကတည်းကဖြစ်လို့ (၁၄) နှစ် ရှိနေပါပြီ။ အခုတခါ (၂၀၂၀) မှာ ပြီးစီးမယ်လို့ ခန့်မှန်းပြန်တာကြောင့် အနည်းဆုံး (၁၈) နှစ်ကြာမယ့် ကားလမ်း ဖြစ်နေပါတယ်။ မိမိရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ မြန်မာပြည်မှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့နေရာမှာ တရုတ်နဲ့အိန္ဒိယဟာ အသွင်တူကြပါတယ်။ မတူတာကတော့ အရင်းအနှီး စိုက်ထုတ်မှု ဖြစ်ပါတယ်။ အိန္ဒိယက (၄၀၀) သုံးပြီး တရုတ်က (၄၀၀၀) သုံးတာဟာ ကွာခြားချက် ဖြစ်ပါတယ်။ အိန္ဒိယနဲ့ နီးကပ်တဲ့ ရခိုင်ပြည်နယ်မှာတောင် အိန္ဒိယဟာ တရုတ်ကို မီအောင် မလိုက်နိုင်ပါဘူး။ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းမှု၊ စစ်ဆေးတဲ့ဘက်မှာ အားနည်းမှု နဲ့ ငွေကြေးမလုံလောက်မှုကြောင့် စီမံကိန်းကို အချိန်မီ မပြီးစီးနိုင်တာ ဖြစ်ပါတယ်။

ရေနက်ဆိပ်ကမ်းကို အခြေခံပြီး စစ်တွေ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ အိန္ဒိယအစိုးရ စီစဉ်နေကြောင်း သြဂုတ်လ (၂) ရက်နေ့ထုတ် The Economic Times မှာ ဖော်ပြပါတယ်။ စစ်တွေမြောက်ဘက် မိုင် (၄၀) အကွာ ပုဏ္ဍာကျွန်းမြို့ နယ်က မြေဧကတထောင်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်မယ့် စီမံကိန်း ဖြစ်ပါတယ်။ တရုတ်က ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကတဆင့် အိန္ဒိယသမုဒ္ဒရာကို စောင့်ကြည့်နိုင်တဲ့ အခြေအနေ ရောက်သွားနိုင်တာကို တန်ပြန်ဖို့အတွက် အိန္ဒိယက စစ်တွေ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ပြင်ဆင်တာလို့ သုံးသပ်ပါတယ်။ ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ထိုင်းက စီစဉ်နေပြီး သီလဝါ အထူးစီးပွားရေးဇုန်ကို ဂျပန်က တည်ဆောက်နေတဲ့အတွက် အိန္ဒိယအနေနဲ့ စစ်တွေ အထူးစီးပွားရေးဇုန်ကို တည်ဆောက်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့ The Economic Times က ဆိုပါတယ်။

ကုလားတန် ပို့ဆောင်ရေးစီမံကိန်းနဲ့ စစ်တွေအထူးစီးပွားရေးဇုန်ဟာ အိန္ဒိယ အရှေ့ မြောက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးအတွက်သာမကဘဲ အာဆီယံနဲ့ ဆက်သွယ်ရေးအတွက်ပါ အရေးပါတယ်လို့ အိန္ဒိယအစိုးရက မြင်ပါတယ်။ ဒါကြောင့်လဲ စစ်တွေအထူးစီးပွားရေးဇုန်မှာ အာဆီယံနိုင်ငံတွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက လာအိုနိုင်ငံ အစည်းအဝေးမှာ ပြောသွားပါတယ်။ ဒါပေမဲ့ စီမံကိန်း အကောင်အထည်ဖော်ရာမှာ ကြန့်ကြာနှေးကွေးတဲ့အတွက် ခန့်မှန်းထားသလို မပြီးစီးနိုင်တာဟာ အိန္ဒိယ စီမံကိန်းရဲ့  ထင်ရှားတဲ့ အသွင်လက္ခဏာလို ဖြစ်နေပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေဟာ ဆင်းရဲတာမို့ ပြည်သူလူထုကို အဓိကထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ကုလားတန်လှုပ်ရှားမှုက ဆိုပါတယ်။ နယ်စပ်ဒေသနေ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေးပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း သမ္မတဦးထင်ကျော်ရဲ့  ခရီးစဉ်အတွင်း ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အလုပ်ရှားပါးတဲ့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်က လူငယ်အများအပြား နိုင်ငံခြား ထွက်ကြပါတယ်။ အိန္ဒိယ အကျိုးစီးပွားအတွက် ရည်ရွယ်တဲ့ ကုလားတန် သယ်ယူပို့ဆောင်ရေးနဲ့ စစ်တွေအထူးစီးပွားရေးဇုန်ဟာ ဒေသခံပြည်သူတွေကို ဘယ်လောက် အကျိုးပြုတယ်ဆိုတာကို စောင့်ကြည့်ဖို့သာ ရှိပါတယ်။

XS
SM
MD
LG