သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီဘီရောဂါ နောက်ဆုံးအခြေအနေ


တီဘီရောဂါလူနာ ဆေးကုသခံယူနေစဉ် (AP Photo/Mahesh Kumar A., File)
တီဘီရောဂါလူနာ ဆေးကုသခံယူနေစဉ် (AP Photo/Mahesh Kumar A., File)

အဆုပ်နာလို့ လူသိများတဲ့ တီဘီရောဂါ ပပျောက်ရေး ကမ္ဘာတဝှမ်း ကြိုးပမ်းလာနေချိန်မှာ စိန်ခေါ်ချက်တွေ ရှိနေသေးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

တီဘီရောဂါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ လောက်ထဲက ရှိလာခဲ့ပြီး၊ နှစ်စဉ်လူသန်းချီ သေဆုံးနေပြီး၊ လူသန်းထောင်ချီ ကူးစက်ခံရပါတယ်။ ဘက်တီးရီးယားပိုး (Mycobacterium Tuberculosis) ကြောင့်ဖြစ်တဲ့ တီဘီရောဂါဟာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးနီးပါးကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ အများဆုံးကတော့ အဆုပ်ဖြစ်ပြီး၊ နောက် အရိုး၊ ပြန်ရည်ကြိတ်၊ အူနဲ့ ဦးနှောက်အမှေးပါးတို့မှာလည်း အဖြစ်များကာ၊ ဝေဒနာမျိုးစုံ ခံစားရတာအပြင် နောက်ဆက်တွဲရောဂါနဲ့ သေဆုံးတာတွေ ဖြစ်စေနိုင်ပါတယ်။ အဆုပ်တီဘီကတော့ အဆိုးဆုံးလည်း ဖြစ်ပါတယ်။

အဆုပ်တီဘီ ရောဂါလက္ခဏာ ခံစားရတာတွေကတော့ ချောင်းဆိုးတာ၊ သလိပ်ထွက်တာ၊ ညနေအဖျားတက်တာ၊ ခေါင်းချွေးထွက်တာနဲ့ ကိုယ်အလေးချိန် ကျတာတွေပါ။ ဒီလက္ခဏာတွေ ဖြစ်လာလျှင် တီဘီဖြစ်တာ သေချာစေဖို့ ဆေးစစ်ရှာဖွေမှုတွေ လုပ်ဖို့လိုပါတယ်။ ရောဂါဖြစ်တာ မသိဘဲ၊ အချိန်မီ မကုသနိုင်ခဲ့လျှင်တော့ အဆုပ်ပျက် သေဆုံးဖို့ များပါတယ်။ ကူးစက်ပုံကတော့ လေကတဆင့် ကူးစက်တာဖြစ်ပြီး၊ ရောဂါရှိထားသူရဲ့ သလိပ်ထဲ၊ အငွေ့အမှုန်ထဲမှာ တီဘီပိုး ပါသွားပြီး နောက်လူက ရှူမိတာနဲ့ အလွယ်တကူ ကူးစက်သွားကာ အဆုပ် အမြှေးပါးနဲ့ လေပြွန်တွေကို ယောင်ယမ်းစေတာပါ။

တီဘီရောဂါဟာ ၁၉ ရာစုတုန်းက လူငယ်သက်လတ်ပိုင်း အများဆုံးကို သေဆုံးစေတဲ့ရောဂါဖြစ်ခဲ့ပြီး၊ အခုလည်း ကိုဗစ်နောက်မှာ ဒုတိယ အများဆုံးသေတဲ့ ကူးစက်ရောဂါ ဖြစ်နေပါသေးတယ်။ ၂၀ ရာစုခေတ်ရောက်မှ ဒီရောဂါကို စောစောစီးစီး ရှာဖွေကုသလာနိုင်ခဲ့ပြီး ပိုထိရောက်တဲ့ဆေးတွေ သုံးလာနိုင်ခဲ့တာပါ။ ဒါပေမဲ့ နှစ်ရှည်လများ ဆေးသောက်ရပြီး စရိတ်ကြီး (ဒေါ်လာ ၇၀၀ ခန့်ကုန်ကျ) တာကြောင့် တချို့က အနည်းငယ် သက်သာတာနဲ့ ဆေးဆက်မသောက်တာကနေ ဆေးယဉ်ပါးမူဆက်ဖြစ်လာပြီး နောက်ကူးစက်ခံရသူကို ပိုဆိုးစေခဲ့ကာ ဆေးသစ်တွေ ဆက်တီထွင်လာခဲ့ရပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG