သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မီးလောင်ကျေးရွာ အရေးပေါ်အကူအညီလိုအပ်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော စစ်ဘေးရှောင်ဒုက္ခသည်များကို ရခိုင်ပြည်နယ် စစ်ရှောင်စခန်းတခုမှာတွေ့ရ။ (သြဂုတ် ၂၈၊ ၂၀၁၉)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော စစ်ဘေးရှောင်ဒုက္ခသည်များကို ရခိုင်ပြည်နယ် စစ်ရှောင်စခန်းတခုမှာတွေ့ရ။ (သြဂုတ် ၂၈၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က မီးလောင်သွားတဲ့ ဘုရားပေါင်းကျေးရွာနဲ့တောင်ပေါက်ကျေးရွာ မီးဘေးသင့်ရွာသား ၁,၈၀၀ ကျော် အရေးပေါ် အကူညီလိုအပ်နေတဲ့အကြောင်းတင်ဆက်ပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း မီးလောင်ပျက်စီးသွားတဲ့ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာက မီးဘေးသင့်ရွာသားတွေ လက်ရှိစားသောက်နေ ထိုင်ရေးအခက်ခဲရှိနေတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက အခုလိုပြောပါတယ်။

"အခက်ခဲကတော့ အဓိက စားသောက်မှုတွေရော၊ နေထိုင်မူတွေပါ အကုန်လုံး ကျနော်တို့ ရှိကြတယ်ပေါ့။ အဲဒီနေ့ကတော့ ကျနော်တို့ ဝရုန်းသုံးကားနဲ့ ကမန်းကတန်း စစ်ကြောင်းဝင်လာတာနဲ့ အဝတ်တထည် ကိုယ်တခုပေါ့ ... ဒီလိုပဲ ထွက်ပြေးကြတာပေါ့။ အထူးသဖြင့်တော့ မီးလောင်တဲ့အထဲမှာ ပါသွားတဲ့ မိသာစုတွေမှာတော့ ဘာမှကို မရလိုက်ဘူး။ လောလောဆယ်က ကျနော်တို့ နီးစပ်တဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတချို့မှာ အထူးသဖြင့် ရွာတွေရဲ့ တဘက်ကမ်းက ကုလားတန် မြစ်တဘက်ကမ်းက ရွာတွေမှာပေါ့ ... ခိုလှုံပြီးနေကြတာပေါ့။ ဆိုတော့ စားသောက်မှုတွေကလည်း အခက်ခဲရှိနိုင်တယ်။ နေထိုင်ရေးကလည်း လောလောဆယ် ဖြစ်သလိုပဲ နေကြတာပေါ့။ ကျနော့် စာရင်းအရတော့ အိမ်ထောင်စု မိသားစုပေါင်း ၄၀၀ ကျော်တယ်။ လူဦးရေကတော့ မနက်ကတော့ ကျနော်စာရင်းအရကတော့ ၁,၈၀၀ ကျော်လောက်ကတော့ ရတယ်။"

စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာတို့ မီးလောင် ပျက်စီးသွားခဲ့တာပါ။

မီးဘေးနဲ့ စစ်ရှောင်ဒုက္ခသည်ရွာသားတွေဟာ ရွှေလိုင်ကျေးရွာ၊ သဝင်ကိုင်ကျေးရွာ၊ ဆင်အိုးချိုင်ကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ စစ်အောင်ကျေးရွာဘက်တွေမှာ ခိုလှုံနေကြရပါတယ်။

ကျေးရွာမီးရှို့ခံရလို့ မီးဘေးသင့်ရွာသားတွေ အကူညီလိုအပ်နေတယ်လို့ ဘုရားပေါင်းကျေးရွာသား ကိုစိန်ဖေကပြောပါတယ်။

"၃ ရက်နေ့ ညဘက်က ၆ နာရီကျော်ကျော်လောက်အချိန်မှာ ကျနော်တို့ ရွာ မီးရှို့ခံရတယ်။ မြန်မာ့တပ်မတော်က ရှို့တာပါ။ မီးရှို့ခံရတဲ့အိမ်ခြေက ၁၁၀ ပါ။ စားသောက်နေထိုင်ရေးကတော့ ပေးတာကို ယူတယ်၊ ကျွေးတာကို စားတဲ့ သဘောမျိုးဖြစ်နေပါတယ်။ အကူညီလိုအပ်တယ်ဆိုတာကတော့ ကျနော်ကတော့ ပြောဖို့မခက်ဘူး ဖြစ်နေပါတယ်။"

ကျေးရွာမီးလောင်ခဲ့ပေမဲ့ မီးလောင်ကျွမ်းမှု မရှိတဲ့ တောင်ပေါက်ကျေးရွာဘုန်းကြီးကျောင်းမှာလည်း ရွာသားဦးရေ ၇၀ နီးပါး ခိုလှုံနေတယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

"ဒုက္ခရောက်နေရတဲ့ ဒကာ၊ ဒကာမတွေကို ဦးဇင်က ဒီမှာကျောင်းမှာပဲ ကူညီထားတာပေါ့လေ။ ဒကာအချင်းချင်း လှူတာကမ်းတာလေးတွေနဲ့ စားသောက်ပြီးတော့ နေကြတာပေါ့။ ဒီရွာမှာ ပျက်စီးသွားတာကတော့ အိမ်ခြေကတော့ ၇၆ ဆောင် ဒီနေ့ကတော့ ဦးဇင်းရဲ့ ကျောင်းမှာ ရှိတာဆိုလိုရှိရင် ၇၀၊ ၈၀ လောက်တော့ရှိမယ်ထင်တယ် ... ကျောင်းမှာ ရောက်နေတာလေ။"

လက်ရှိမီးဘေးသင့်ပြည်သူတွေကို ရခိုင်နိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်းတွေကနေ ကူညီထောက်ပံ့ပေးဆောင်နေတာပါ။

ရခိုင်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးကတော့ မီးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေး အစီအစဉ်ရှိနေတယ်လို့ ဆိုပါတယ်။

"မီးလောင်သွားတဲ့၊ သေဆုံးသွားတဲ့ မိသားစုတွေကို ကယ်ဆယ်ရေးပစ္စည်းတွေက ၁၅ မျိုးပေးတဲ့ ခရိုင်တွေဆို ၁၅ မျိုးပေါ့ပေးရမယ်။ အိမ်ဆောက်ပစ္စည်းတန်ဖိုး တွက်ချက်ပြီးတော့ ပေးရမယ်။ ပြီးတော့ မီးလောင်သွားတဲ့အိမ်တွေရဲ့ အိမ်အမျိုးအစားအပေါ် မူတည်ပြီးတော့ သတ်မှတ်ချက်တွေ၊ နှုန်းထားတွေ ရှိပါတယ်။ အဲဒီအခြေအပေါ်မူတည်ပြီးတော့ ကျနော်တို့ တွက်ချက်ပြီးတော့ မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့မယ်ဖြစ်ပါတယ်။ အဲဒီအတိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

ကျောက်တော်မြို့နယ် ၃ မိုင်အကွာမှာရှိတဲ့ ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာဖက်မှာ စက်တင်ဘာ ၃ ရက်နေ့က ပေါက်ကွဲ ပစ်ခတ်မှု ဖြစ်ပွါးအပြီး မီးလောင်မှု ဖြစ်ပွါးခဲ့တာပါ။

ဒေသခံတွေကတော့ မြန်မာစစ်တပ်ကနေ မီးရှို့ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေပေမဲ့ တပ်မတော်ဘက်ကတော့ ငြင်းဆိုထားပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ COVID-19 ရောဂါ ဖြစ်ပွါးကူးစက်မှု မြင့်တက်နေသလို တဘက်မှာလည်း စစ်ရေးပဋိပက္ခကလည်း ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

COVID-19 ရောဂါ ဖြစ်ပွါးဆဲအခြေအနေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်စဲဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကနေ တိုက်တွန်းမှုတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ စစ်ရေးတင်းမာမှုကတော့ ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]


















XS
SM
MD
LG