သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၅ ကြိမ်မြောက် ချင်းအမျိုးသားနေ့ ပြည်ပရောက်တိုင်းရင်းသားတွေ ကျင်းပ


နယ်သာလန်နိုင်ငံမှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ စိန်ရတုပွဲ။ (ဖေဖေါ်ဝါရီလ ၁၈၊ ၂၀၂၃/ ဓာတ်ပုံ ကိုထင်လင်း)
နယ်သာလန်နိုင်ငံမှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ စိန်ရတုပွဲ။ (ဖေဖေါ်ဝါရီလ ၁၈၊ ၂၀၂၃/ ဓာတ်ပုံ ကိုထင်လင်း)

[[Zawgyi/Unicode]]

၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့ စိန်ရတုအခမ်းအနားကို ဖေဖေါ်ဝါရီ ၁၈ ရက်မှာ အမေရိကန်ပြည်ထောင်စုက ပြည်နယ်အတော်များများမှာရော နယ်သာလန်နိုင်ငံမှာပါ ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် တွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတာမို့ ချင်းတိုင်းရင်းသားတွေ ပြည်တွင်းမှာ ချင်းအမျိုးသားနေ့မကျင်းပနိုင်ဘဲဖြစ်နေချိန်မှာ ပြည်ပရောက် ချင်းတိုင်းရင်းသားတွေက ခုလို အမျိုးသားနေ့ကျင်းပပြီး ပြည်တွင်းကို ကူညီထောက်ပံ့သွားမှာ ဖြစ်ကြောင်း Chin Community of USA အဖွဲ့ရဲ့တာဝန်ခံတဦးဖြစ်တဲ့ ကိုဒွန်ခပ် က ပြောပါတယ်။

“ချင်းတောင်မှာဆိုလို့ရှိရင် ချင်းအမျိုးသားနေ့ ကျင်းပဖို့မပြောနဲ့ ထွက်ပြေးနေရတယ်။ စစ်တပ်ရဲ့ညှင်းပမ်းနှိပ်စက်မှုတွေ၊ နောက်တော့မှ ရွာတွေ၊ အိမ်တွေမီးရှို့မှုတွေ အခက်အခဲမျိုးစုံနဲ့ကြုံနေရတယ်။ အဲဒါကြောင့် တောင်ပေါ်မြေပြန့် ကမ္ဘာတခုလုံးမှာရှိတဲ့ ချင်းအမျိုးသားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ဒီစစ်အာဏာရှင်ကို ရောက်တဲ့နေရာမှာ ရတဲ့အခြေအနေနဲ့ တွန်းလှန်တိုက်ဖျက်ဖို့ရန်အတွက် ပါဝင်ဖို့ ချင်းအမျိုးသားနေ့မှာ တိုက်တွန်း အားပေးစကားပြောတဲ့အစီအစဉ်လေးလည်း ကျနော်တို့ထည့်ထားတယ်။”

မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့နယ်မှာရှိတဲ့ Howard အထက်တန်းကျောင်းဝင်းမှာကျင်းပတဲ့ပွဲကို ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယားနဲ့ မေရီလန်းပြည်နယ်တဝိုက်က ချင်းတိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသားတွေပါတက်ရောက်ခဲ့ကြပြီး Chin Community of USA အဖွဲ့ကကြီးမှူးတဲ့ ဈေးရောင်းပွဲနဲ့ရိုးရာအက၊ ဂီတဖျော်ဖြေပွဲတွေလည်း ပါဝင်ပါတယ်။

မေရီလန်းမှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ပွဲကို မေရီလန်းပြည်နယ်အထက်လွှတ်တော်အမတ် Mr. Clarence Lam လည်း တက်ရောက် အားပေးစကားပြောခဲ့သလို NUG အစိုးရ နည်းပညာနဲ့ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်လည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကို လတ်တလောရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အမေရိကန်အလယ်ပိုင်း အင်ဒီယားနားပြည်နယ်က ချင်းအမျိုးသားနေ့အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

အလားတူ နယ်သာလန်နိုင်ငံ The Hague မြို့မှာကျင်းပတဲ့ပွဲကိုတော့ အိမ်နီးချင်း ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ပြင်သစ်နဲ့အီတလီရောက် ချင်းတိုင်းရင်းသားတွေ တက်ရောက်ကြပြီး ချင်းပြည်နယ်တွင်းက ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေကောက်ခံပြီး ကံစမ်းမဲဖွင့်တာ၊ ရိုးရာအစားအသောက်ရောင်းချပြီး ရန်ပုံငွေရှာတာ လုပ်ခဲ့ကြပါတယ်။ ဒီပွဲကို တက်ရောက်လာသူကတော ၃၀၀ လောက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]







XS
SM
MD
LG