သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံသား ၃ ဦး သေဆုံးမှုကြောင့် မြန်မာနဲ့နယ်စပ်ဂိတ်တွေ မီဇိုရမ်အာဏာပိုင်တွေပိတ်


ချင်းပြည်နယ် နဲ့ မီဇိုရမ်းပြည်နယ် နယ်စပ် (Photo by Jacob KHAWLHRING / AFP)
ချင်းပြည်နယ် နဲ့ မီဇိုရမ်းပြည်နယ် နယ်စပ် (Photo by Jacob KHAWLHRING / AFP)

အိန္ဒိယနိုင်ငံသားသုံးယောက် သေဆုံးတဲ့ကိစ္စနဲ့ ဆက်စပ်ပြီး မြန်မာနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်လမ်းတချို့ကို မီဇိုရမ်ပြည်နယ်က ဩဇာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က မနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။ မီဇီုရမ်ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စဟာ ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ ဆက်စပ်နေတယ်လို့ သတင်းမီဒီယာတချို့ကို ပြောဆိုခဲ့ထားပါတယ်။ ချင်းလက်နက်ကိုင် CNF ကတော့ ဒီကိစ္စကို မီဇိုရမ်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီး စစ်ဘေးရှောင်တွေကို ငဲ့ညှာတဲ့အနေနဲ့ နယ်စပ်လမ်းတွေ ပြန်ဖွင့်ပေးဖို့ လက်တလော ဆွေးနွေးနေကြောင်း ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို အခြေခံပြီး ကိုရန်နိုင်က ပြောပြမှာပါ။

မတ်လ ၁၉ရက်က ပျောက်ဆုံးသွားတဲ့ မီဇိုရမ်ပြည်နယ် ဆိုင်ဟား (Siaha) ဒေသက အရပ်သား ၃ ယောက်ဟာ နယ်စပ်ကနေ ၂ ကီလိုမီတာဝေးတဲ့ မြန်မာဘက်က တောအုပ်ထဲမှာ သေဆုံးပြီး ပြန်တွေ့ရကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က စုံစမ်းရေးအရာရှိက မတ်လ ၂၃ ရက်က သတင်းဌာနတွေကို ပြောခဲ့ပါတယ်။ ဒီပြောဆိုချက်ထဲမှာ ချင်းမြေအောက်လက်နက်ကိုင် အဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုထားပေမဲ့ မြန်မာစစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းဌာနတွေကတော့ ချင်းအမျိုးသားတပ်ဦး CNF ကို ရည်ညွှန်းတာ ဖြစ်နိုင်ကြောင်း ပြန်ပြီး ရေးသားကြပါတယ်။

ဒီသေဆုံးမှုကြောင့် မြန်မာနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်လမ်းကြောင်းတွေကို ပိတ်ထားလိုက်ပြီလို့ မီဇိုရမ်အရပ်ဘက် အဖွဲ့အစည်း တချို့က မနေ့က မတ်လ ၂၉ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ကတော့ ဒီလုပ်ရပ်ဟာ သူတို့နဲ့မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိတော့ သူ့ဘက်၊ ကိုယ့်ဘက် အကြီးအကဲတွေနဲ့ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ တိုင်ပင်ညှိနှိုင်းနေကြောင်း မင်းတပ်မြို့ CDF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ညှိနှိုင်းဖို့ဆိုတာက ဒီမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ဒုက္ခပိုပြီးတော့ မရောက်သွားအောင် ကျနော်တို့၊ ဒီဟာက CDF နဲ့သက်ဆိုင်ခြင်း ရှိ၊ မရှိကို အတိအကျ ဖော်ထုတ်သွားမှာပေါ့။ ပြည်သူတွေက CDF အယောင်ဆောင်ပြီးတော့ လုပ်တာလည်း ဖြစ်ချင် ဖြစ်သွားနိုင်တယ်။ CDF အနေနဲ့ ဟိုဘက်မှာ ခဏသွားနေတဲ့ ဆေးကုသခံယူနေတဲ့ CDF တွေရှိတယ်၊ ဒဏ်ရာရတွေ။ သူတို့အတွက်လည်း အရမ်း အခက်အခဲတွေ ဖြစ်လာတော့ အဲလောက်ထိမဖြစ်အောင် ကျနော်တို့က ညှိနှိုင်းဖို့တော့ ကြိုးစားထားတယ်။"

သေဆုံးသွားသူတွေက မီဇိုးအမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ယောက် ဖြစ်ကြောင်း Young Lai Association နဲ့ Mara Thyuthlia အဖွဲ့က ထုတ်ပြန်ထားပြီး ဒီထုတ်ပြန်ချက်ကို မီဇိုရမ်ပြည်နယ် အာဏာပိုင်တချို့ဆီကိုလည်း ပူးတွဲပေးပို့ထားတာပါ။ ထုတ်ပြန်ချက်ထဲမှာ ချင်းပြည်နယ် ထန်တလန်မြို့နဲ့ ထိစပ်နေတဲ့ နယ်စပ်လမ်းတွေဖြစ်တဲ့ နယ်စပ်ဝင်ပေါက်သုံးခုကို ပိတ်လိုက်ကြောင်း ရေးသားထားပါတယ်။

အိန္ဒိယဘက်က ဒီလိုထုတ်ပြန်အပြီး ဒီနေ့ မတ်လ ၃၀ ရက်မှာတော့ မြန်မာစစ်ကောင်စီဟာ ထန်တလန်မြို့ကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ၁၀ နှစ်အောက်ကလေးအပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ချင်းသတင်းဌာနတွေကတော့ အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}









XS
SM
MD
LG