သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်းတွင်း ဒေသခံတသောင်းကျော် စစ်ဘေးရှောင်


မန္တလေးမြို့မှာ ကင်းလှည့်နေတဲ့ တင့်ကားတစီး (ယခင်မှတ်တမ်းဓာတ်ပုံ)
မန္တလေးမြို့မှာ ကင်းလှည့်နေတဲ့ တင့်ကားတစီး (ယခင်မှတ်တမ်းဓာတ်ပုံ)

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့ကြားက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက် နယ်မြေရှင်းနေတာကြောင့် အနည်းဆုံး ကျေးရွာ ၈ ရွာလောက်က ဒေသခံ တသောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အပူချိန်ပြင်းတဲ့ရာသီမှာ စစ်ဘေးရှောင်ကြရတာဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ နာမကျန်းအဖြစ်များတာကြောင့် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မေလ ၆ ရက်နဲ့ ၇ ရက်နေ့တွေတုန်းက မန္တလေးတိုင်း စဥ့်ကူးမြို့နယ်နဲ့ မတ္တရာ မြို့နယ်တို့ကြားက ကျေးရွာအနည်းဆုံး ၈ ရွာလောက်ကို စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးစစ်ကြောင်း ဝင်လာတာကြောင့် ဒေသခံ တသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စဥ့်ကူးမြို့နယ်အောက်ပိုင်းနဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံကိုနဂါးလေးက ခုလိုပြောပါတယ်။

“အခု ညတွင်းချင်းပေါ့နော်- ကျနော်တို့ စဥ့်ကူးမြို့နယ် ထုံးကြီးရွာကနေ ရဲစခန်းအထိုင်ရှိတဲ့ ပျူရွာကနေမှ ဒီမြစ်အောက်ဘက်ကိုပေါ့၊ စဥ့်ကူးမြို့နယ် ရွာသာယာတို့ ဘက်ကိုပေါ့၊ အင်အားအများအပြားနဲ့ အလုံးအရင်း ဆင်းလာတယ်ဗျ။ လောလောဆယ်တော့ သူတို့ ဘာမှတော့ မလုပ်သေးဘူးဗျ၊ ဆင်းလာတာပဲ ရှိသေးတယ်။ စဥ့်ကူးမြို့နယ်အောက်ပိုင်း ကြက်တူရွေး၊ သဲအင်း၊ ကျွန်းကြီး၊ ကျွန်းတော၊ ဇီးကုန်းပေါ့။အဲ့ဒီရွာတွေမှန်သမျှ တော်တော်များများမှာ စစ်ကြောင်း အနင်းခံရတယ်။ တကြောင်းထွက်သွားရင် တကြောင်းထပ်ဝင်တယ်ဗျ။ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်မှာ ရှိတဲ့ ရေလယ်ခေါင်မှာနေတဲ့ ရေလယ်ကျွန်းရွာတွေပေါ့။ စဥ့်ကူးမြို့နယ် အောက်ပိုင်းနဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ အင်အားအလုံးအရင်းနဲ့ ဝင်ထိုးနေတယ်။ အနည်းဆုံး စဥ့်ကူးကဆိုရင် ၇ ရွာလောက်ရှိမယ်ဗျ။ မတ္တရာမြို့နယ်ကတော့ လောလောဆယ် ၁ ရွာပဲ ရှိသေးတယ်ဗျ။ ခန့်မှန်းသလောက်ကတော့ ဒေသခံ တသောင်းကျော်တော့ ရှိတယ်ဗျ။”

ဒီရက်ပိုင်းတွေအတွင်းမှာ အပူချိန်မြင့်တက်နေတာကြောင့် စစ်ဘေးရှောင်ကြရတဲ့ ဒေသခံသက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်တာပိုများလာတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။ တချို့က ဝမ်းပျက်ဝမ်းလျောတွေဖြစ်ကြသလို အပူရှပ်ပြီး ဖျားနာတာတွေလည်းရှိတာကြောင့် လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်ဆေးဝါးတွေ အကူအညီလိုအပ်နေကြတယ်လို့ ကိုနဂါးလေးက ပြောပါတယ်။

“စဥ့်ကူးမြို့နယ်က အောက်ပိုင်းကိုထိုးတဲ့စစ်ကြောင်းတွေဆိုရင် အဲ့ရွာမှာရှိတဲ့ တလျှောက်က ပြည်သူတွေကတော့ သောင်ပြင်ခုံခေါ်တာပေါ့နော်။ ရေလယ်ကောင်ကပေါ်နေတဲ့ ကျွန်းလေးတွေပေါ့။ သဲသောင်ပြင်ခုံပေါ်မှာ နေပူစပ်ခါးမှာ အိပ်တဲ့ခါမှာ ခါးနာတာတွေရှိတယ်။ လူကြီးတွေဆိုရင် တချို့ဆိုရင် တော်တော်လေး အဆင်မပြေတာတွေ ရှိတယ်ပေါ့နော။ ဆေးရုံဆေးခန်းရှိတဲ့နေရာတွေကို ပြောင်းယူပြီးတော့ ဆေးထိုး ဆေးကုရတာတွေရှိလာတယ်။ အဲ့လိုပဲ မတ္တရာမြို့နယ်ဘက်ကိုထိုးတဲ့ စစ်ကြောင်းကလည်း အလားတူပဲ၊ ကျွန်းတွေ တဲတွေမှာပဲပတ်ပြီးအိပ်ကြရတယ်။ ဒီရက်ပိုင်းတွေမှာ ကျနော်တို့ဘက်မှာကျတော့ အပူချိန်တော်တော်ပြင်းတဲ့ခါကျတော့ တနေကုန်နေပူထားတော့ သက်ကြီးရွယ်အိုတွေ အသက် ၆၀-၇၀ ရှိတဲ့ သက်ကြီးရွယ်အိုတွေက ဝမ်းပျက် ဝမ်းလျောကအစ ခန္ဓာကိုယ်မှာ တနေရာမဟုတ် တနေရာ အကုန် နေထိုင်မကောင်းတာတွေ ဖြစ်လာတယ်။ ဒီဘက်မှာက အရေးပေါ်ကတော့ ဆေးဝါးကတော့ ပိုလိုအပ်တာပေါ့။”

မေလ ၇ ရက်မနေ့က ညပိုင်းက ဝင်တဲ့စစ်ကြောင်းက ဒီကနေ့မနက်ပိုင်းမှာ ပြန်ထွက်သွားတာကြောင့် နေ့လယ်ပိုင်းလောက်မှာတော့ ဒေသခံတချို့က ကျေးရွာကို ပြန်ဝင်ကြတယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာတော့ နောက်ထပ် စစ်ကြောင်းတကြောင်းဝင်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်တာကြောင့် ညပိုင်းမှာ ထပ်ပြီး စစ်ရှောင်ကြရအုံးမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်က တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG