ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး မြို့ကြီးတွေမှာ အခုနှစ် သင်္ကြန်ရေကစားပွဲတော်ကို ကျင်းပနိုင်ဖို့ မဏ္ဍပ်တွေဆောက်လုပ်နေတာ တွေ့ရပါတယ်။ သင်္ကြန်ကာလ ဧပြီလအစမှာ မြို့ကြီးတွေရဲ့ သင်္ကြန်ပွဲတော် ပြင်ဆင်ထားတာနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
ရန်ကုန်မြို့မှာ အခုနှစ် ၂၀၂၃ အတာသင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် စစ်ကောင်စီဘက်က မတ်လ အလယ်လောက်ကတည်းက ပြင်ဆင်နေတာ တွေ့ရပါတယ်။ ရန်ကုန်မြို့တော်ခန်းမမှာ မဏ္ဍပ်ဆောက်လုပ်တာ၊ လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်နေတာနဲ့ ပြည်သူ့ရင်ပြင်မှာ သင်္ကြန်မဏ္ဍပ် အသေးလေးတွေ စီစဉ်ထားတာလည်း ရှိပါတယ်။ စစ်ကောင်စီဘက်က အခုနှစ် သင်္ကြန်ပွဲတော်အတွက် ပုံမှန်လူစည်ကားတဲ့ နေရာတွေမှာ ရေကစားမဏ္ဍပ် ဆောက်လုပ်တာတွေ ရှိနေပေမယ့် တခြားနေရာတွေမှာတော့ သင်္ကြန်အတွက် ပြင်ဆင်ထားတာမျိုးတွေ မရှိသေးဘူးလို့ ရန်ကုန်ဒေသခံတစ်ဦးက ပြောပါတယ်။
"ဘာမှတော့ မရှိပါဘူးဗျာ။ ကျနော်တို့ တွေ့သလောက်တော့ လူတိုင်းက အဆင်မပြေကြပါဘူး။ ပြည်သူ့ရင်ပြင် ဒီဘက်အခြမ်းမှာတော့ သူတို့လုပ်ထားတယ်။ ကျန်တဲ့နေရာတွေမှာတော့ မတွေ့ပါဘူး။ ပြီးခဲ့တဲ့ ၂ရက်၊ ၃ရက်က သွားလာနေတာပဲ။"
ရန်ကုန်မှာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ခုနှစ်က သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ သင်္ကြန်ရေကစား မဏ္ဍပ်တွေအပြင် လမ်းလျှောက်သင်္ကြန်နဲ့ မဏ္ဍပ်အသေးလေးတွေပါ နေရာအတော်များများမှာ ရှိခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းလိုက်တဲ့ အခြေအနေတွေကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်တော့ဘဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ စစ်ကောင်စီဘက်က သင်္ကြန်ပွဲတော် ပြန်ပြီး ကျင်းပခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဝန်ကြီးဌာနတွေ အခြေစိုက်မြို့ဖြစ်တဲ့ နေပြည်တော်မှာလည်း အခုနှစ် သင်္ကြန်ပွဲတော်ကျင်းပဖို့ မဏ္ဍပ်ဆောက်လုပ်တာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မြို့တော်ခန်းမကနေ စည်ပင်ရိပ်သာအထိတော့ မဏ္ဍပ်တွေထိုးထားတယ်။ အသေးလေးတွေတော့ ရှိတယ်။ ကျန်တဲ့နေရာတွေမှာတော့ မဏ္ဍပ်တွေမရှိသေးဘူး။"
ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလက နေပြည်တော်မြို့တော်ခန်းမမှာ ရေကစားမဏ္ဍပ် ဆောက်လုပ်ခဲ့ပေမယ့် သင်္ကြန်ရက်တွေမှာ ရေကစားသူ သိပ်မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
အစဉ်အလာကြီးမားခဲ့တဲ့ မန္တလေးမြို့ သင်္ကြန်ပွဲတော်ကိုလည်း ကပ်ရောဂါကာလကစပြီး စည်စည်ကားကား မကျင်းပနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကတော့ စစ်ကောင်စီဘက်က စီစဉ်တဲ့ သင်္ကြန်မဏ္ဍပ်တွေ ရှိခဲ့ပေမယ့် သင်္ကြန်ရေကစားသူ သိပ်မရှိခဲ့ဘဲ ဒီနှစ်မှာလည်း စစ်ကောင်စီဘက်က သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်နေတာ တွေ့ရတယ်လို့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။
"လောလောဆယ်ကတော့ ကျုံးဘေးပတ်လည်မှာ မဏ္ဍပ် ၁၀ ခုလောက်တော့ ထိုးထားတာပဲ။ သူတို့ဝန်ထမ်းနဲ့ မီးသတ်တွေကတော့ မဖြစ်မနေ မဏ္ဍပ်ထိုးရမယ်လို့တော့ ပြောတာပဲ၊ ဟုတ် မဟုတ်တော့ မသိဘူးပေါ့။ မြို့တော်ခန်းမ မဏ္ဍပ်ကတော့ အခုလောလောဆယ် ဆောက်နေတဲ့ တန်းလန်းပေါ့။ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကတော့ လုပ်တော့လုပ်တယ်၊ ထိပ်တွေမှာပိတ်ပြီး သင်္ကြန်ပွဲလုပ်ခဲ့ကြတာပဲ။"
နှစ်စဉ်ကျင်းပနေတဲ့ သင်္ကြန်ပွဲတော်ကို ကိုဗစ်ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ခုနှစ်တုန်းက နောက်ဆုံးအနေနဲ့ စည်စည်ကားကား ကျင်းပနိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် ၂ နှစ်ဆက်တိုက် မကျင်းပနိုင်တော့ဘဲ၊ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး စစ်ကောင်စီဘက်က သင်္ကြန်ပွဲတော်ကို ပြန်ပြီး စီစဉ်ကျင်းပခဲ့ပေမယ့် လူစည်ကားတဲ့အထိ သင်္ကြန်ရေကစားသူ မရှိခဲ့ပါဘူး။
အခုနှစ် ၂၀၂၃ ခုနှစ်မှာလည်း သင်္ကြန်ပွဲတော်အတွက် မြို့ကြီးတွေမှာ မြို့တော်ခန်းမ မဏ္ဍပ်အပါအဝင် မဏ္ဍပ်အသေးလေးတွေ ဆောက်လုပ်ပြီး စီစဉ်နေတာရှိပေမယ့် တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် သင်္ကြန်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်သူတွေလည်း ရှိနေတဲ့အတွက် ရေကစားသူတွေနဲ့ ပြန်ပြီးမစည်ကားနိုင်ဘူးလို့ ဒေသခံတွေကတော့ ခန့်မှန်းနေကြပါတယ်။
{Unicode}