သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းလေးကန်မှာ ရေပေါ်သင်္ကြန် ကျင်းပမည်


၂၀၁၉ ခုနှစ်က အင်းလေးကန် (ဓာတ်ပုံ−Sai Swan)
၂၀၁၉ ခုနှစ်က အင်းလေးကန် (ဓာတ်ပုံ−Sai Swan)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်မှာ ရေပေါ်သင်္ကြန်ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ခုနှစ်တုန်းက ပထမဆုံးအကြိမ် ရေပေါ်သင်္ကြန်ကျင်းပခဲ့ပြီး၊ ၃ နှစ်အကြာမှာ အခုနှစ်ထဲ ရေပေါ်သင်္ကြန်ကို ဒုတိယအကြိမ် ပြုလုပ်သွားမှာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေအလာများတဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ ရှမ်းပြည်နယ်က အင်းလေးကန်မှာ ၂၀၂၃ ခုနှစ် အတာသင်္ကြန်ပွဲတော်ကို ရေပေါ်သင်္ကြန်အဖြစ် ပြန်ပြီး ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေပေါ်သင်္ကြန်မဏ္ဍပ်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့နေရာမှာပဲ ပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ အင်းလေးဒေသခံတဦးက ပြောပါတယ်။

"အလိုတော်ပြည့်မှာလေ၊ နန့်ပန်မှာ။ ဧည့်သည်တွေအတွက် ခရီးစဉ်ကတော့ ရေပေါ်သင်္ကြန်တခုပဲ ပိုလာမှာပေါ့။ ခရီးသွားဧည့်သည်ကတော့ များမယ့်အလားအလာ ရှိတယ်ဗျ။ ဘုရားဖူးတွေကတော့ ပွဲတော်ရက်မဟုတ်လည်း သွားလာနေကြပါတယ်။"

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ စည်ကားခဲ့တဲ့ အင်းလေးဒေသဟာ ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်တဲ့နှုန်းဟာ ပုံမှန် ပြန်မဖြစ်သေးပါဘူး။ ဒေသခံတွေက စားသောက်နေထိုင်ရေးအတွက် ဧည့်သည်မျှော်နေချိန်မှာ ပြည်တွင်း ခရီးသည်တွေကိုသာ အဓိက ပြန်ပြီးအားထားနေရတဲ့ အချိန်ဖြစ်တယ်လို့လည်း သိရပါတယ်။

အင်းလေးဒေသမှာ ဧည့်သည်တွေကို ပုံမှန်ခရီးစဉ်အနေနဲ့ ဖောင်တော်ဦးဘုရား၊ အလိုတော်ပြည့်ဘုရား၊ ရွှေအင်းတိန်ဘုရား၊ မိုင်းသောက်တံတားနဲ့ အင်းလေး ရိုးရာယက်ကန်းစင် အပါအဝင် အင်းလေးငွေထည်လုပ်ငန်း၊ ရေပေါ်စိုက်ခင်းနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်း စတဲ့ နေရာတွေကို အဓိကထားပြီး ဒေသခံစက်လှေတွေက လိုက်ပို့ကြတာပါ။ အခုနှစ် သင်္ကြန်ကာလ အကြိုနေ့ကနေ အတက်နေ့အထိတော့ ရေပေါ်သင်္ကြန်ပွဲတော်ဆီပါ ခရီးစဉ် ထပ်တိုးထားတယ်လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

"နန့်ပန်မှာလေ။ ရေပေါ်သင်္ကြန် အဲဒီတနေရာမှာပဲ လုပ်တယ်။ တချို့ ဟိုတယ်တွေတော့ ဘိုကင်ပြည့်ပြီလို့ ပြောတယ်။ ဒါပေမဲ့ ညောင်ရွှေမြို့ပေါ်မှာတော့ ဟိုတယ်တွေများပါတယ်။ အင်းထဲမှာလည်း ဟိုတယ်တွေ များပါတယ်။"

အင်းလေးရေပေါ်သင်္ကြန် ပွဲတော်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ပထမအကြိမ် ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရေပေါ်သင်္ကြန်လည်း ဖြစ်ခဲ့ပါတယ်။ အင်းလေးရေပြင်ပေါ်မှာ လှေသဗ္မာန်၊ ဖောင်တွေနဲ့ ရေကစားတာ၊ ရေပေါ်ရှိုးပွဲနဲ့ ယိမ်းအက၊ ရိုးရာအကတွေအပြင် နှစ်ဦး ဆွမ်းလောင်းပွဲ၊ နှစ်ဦးဓမ္မသဘင် အစီအစဉ်တွေ ထည့်သွင်းပြီး အကြိုနေ့ကနေ နှစ်ဆန်း ၁ရက်နေ့အထိ ၂၀၁၉ ခုနှစ်တုန်းက ကျင်းပခဲ့တာပါ။ အဲဒီနှစ်က ရေပေါ်သင်္ကြန်ပွဲတော် ဖွင့်ပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။

၃ နှစ်အကြာမှာ ပြန်ပြီးပြုလုပ်တဲ့ အခုနှစ် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်နဲ့ ပတ်သက်လို့ ဘယ်လိုအစီအစဉ်တွေ ထည့်သွင်းထားပြီး ကျင်းပသွားမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ ကပ်ရောဂါမတိုင်ခင်ကာလအထိ အင်းလေးဒေသမှာ သင်္ကြန်ပွဲတော်ရက်ဆို ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၂ သိန်းဝန်းကျင်အထိ လာရောက် လည်ပတ်ကြတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

[[Unicode]]










XS
SM
MD
LG