အင်းလေးကန်ပတ်ဝန်းကျင်ဒေသမှာ ဟိုတယ်လုပ်ငန်းတွေတိုးချဲ့နေပြီး ကျွန်းမျောနဲ့ ရေဝေရေလဲဒေသက သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းလာတဲ့အတွက် အင်းထဲမှာနုန်းပို့ချတဲ့နှုန်းလည်းတဖြည်းဖြည်း များလာပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သဘာဝရေကန် အင်းလေးကန် မတိမ်ကောအောင် အချိန်မီထိန်းသိမ်းသင့်ပြီလို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။
ခရီးသွားလုပ်ငန်းနဲ့အဆင်ပြေနေတဲ့ အင်းလေးကန်ဒေသမှာ ဟိုတယ်လုပ်ငန်းတွေ တိုးချဲ့နေပြီး ရေစပ်မှာ သဘာဝအတိုင်း ရှိနေတဲ့ ကျွန်းမျောတွေကိုဖယ်ရှားရတဲ့အတွက် အင်းလေးရဲ့ ဂေဟစနစ်အတွက် စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုန်းပေါ်မှာရှိတဲ့နုန်းအနည်အနှစ်တွေ အင်းထဲကိုစီးမဝင်အောင် ကျွန်းမျောတွေက တားဆီးထားတဲ့အတွက် ဧကအများကြီးရှိတဲ့ ကျွန်းမျောတွေကို ဖျက်ဆီးလိုက်မယ်ဆိုရင် အင်းလေးကန်တိမ်ကောပျောက်ကွယ်သွားလိမ့်မယ်လို့ Save the Inle Lake အတွင်းရေးမှုး ဦးခင်မောင်လတ်က ပြောပါတယ်။
“အင်းလေးကန်ရဲ့ကန်စပ်မှာ သဘာဝဖြစ်နေတဲ့ကျွန်းမျာတောရိုင်းကြီးတွေ၊ နောက်မြေလွတ် မြေရိုင်းလေးတွေဆိုတာ ရှိတယ် ပေါ့နော်။ အဲဒီနေရာလေးမှာကို အခုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသည့်အတွက် ဒီခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့မှ စီးပွားရေးလုပ်ငန်းရှင်တွေက ဟိုတယ်လုပ်ငန်းတွေ ချဲ့ထွင်တည်ဆောက်လာတာလေးတွေ ရှိတယ်ပေါ့နော်။ မြေလွတ်မြေရိုင်း အဖြစ်သတ်မှတ်ပြီးတော့မှ စီမံခွင့်တောင်းဆိုလာတော့ ဘာလုပ်မှာလဲဆိုတော့ ဟိုတယ်လုပ်ငန်းလုပ်မယ်ပေါ့။ အဲဒီတော့ သဘာဝအတိုင်းရှိနေတဲ့ ဂေဟစနစ်ကို ထိန်းသိမ်းပေးနေတဲ့ သဘာဝကျွန်းမျောရိုင်းတောကြီး ဧကကိုးဆယ်ကို ဟိုတယ် ဆောက်ဖို့ဖျက်ဆီးလိုက်မယ်ဆိုရင်အင်းလေးဒေသ တစ်ခုလုံးအတွက်သော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် သော်လည်းကောင်းဖျက်ဆီးရာရောက်တယ်ပေါ့။”
အင်းလေးကန် တိမ်ကောလာတာက ရေဝေရေလဲဒေသကသစ်တောတွေ နည်းအမျိုးမျိုးနဲ့ ပျက်ဆီးနေတာက အဓိက အကြောင်းရင်းပါ။ အဲဒီရေဝေရေလဲဒေသကသစ်တောတွေ လေးငါးခြောက်နှစ်ထဲမှာ ဟက်တာ ၅၀၀၀ ကျော်လောက် ပျက်စီးသွားတယ်လို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာကပြောပါတယ်။ အကျိုးဆက်က နုန်းမြေတန်ချိန် ၇သိန်းကျော်လောက် အင်းလေးကန်ထဲကို အတားအဆီးမဲ့စီးဝင်ပြီး နွေရာသီမှာ ရေခမ်းခြောက်တဲ့အထိ ဖြစ်လာပါတယ်။ ခရီးသွားလုပ်ငန်းကိုအဓိကထားရတဲ့ ဒီနေရာကို အချိန်မီမထိန်းသိမ်းဘူးဆိုရင် ဒေခံတွေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ ဦးခင်မောင်လတ် က ဆက်ပြောပါတယ်။
“အဓိကတော့ ထိပ်ဆုံး ဒီရေဝေရေလဲဒေသမှာ သစ်ပင် သစ်တောပြုန်းတီးလာတယ်။ ရွှေ့ပြောင်းတောင်ယာ ချဲ့ထွင်လာတာ တွေနဲ့ပတ်သတ်ပြီးတော့မှ ဒီဂေဟစနစ်တွေ ပျက်စီးလာတယ်ပေါ့နော်။ အဲဒီတောင်ပေါ်ဒေသမှာရှိတဲ့ မြေကြီးအားလုံးက မိုးရွာသွန်းတဲ့အခါမှာ အင်းလေးကန်ဆီကို တိုက်ရိုက်နုန်းအနည် မြေကြီးအဖြစ်ပို့ချလိုက်တယ်ပေါ့နော် အဲဒီတော့ အင်လေးကန် ရေပြင်ကြီးထဲကို အဲဒီမြေနုန်း ထုထည်ပမာဏပေါင်းက နှစ်များစွာ ဝင်ရောက်လာတဲ့အခါမှာ အဲဒီနုန်း ထုထည် ပမာဏက ဧရိယာကတော်တော်လေး မျာသွားတယ်ပေါ့။ မြေထုပမာဏ မျာသွားသည့်အတွက် အင်းလေးကန်မှာအများဆုံး ရှိနေရမယ့်ရေထုတွေက ဟို ထွက်သွားတယ်ပေါ့ အပြင်ဘက်ကို အဲဒီတော့ ဒီ အင်းလေးကန်ကြီးက တိမ်ကောလာတယ်ပေါ့။ အဓိကတော့ ဒီရေဝေရေလဲဒေသပျက်စီးလာတာလေး တစ်ခုပါပဲဗျ။”
၂၀၁၀ ခုနှစ်လောက်က မြန်မာတစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှုက ၄၆ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅မှာ ၄၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အခုဆိုရင် အင်းလေးကန်ဒေသမှာ သစ်တောတွေပြန်ပြီးဖြစ်ထွန်းလာဖို့ ဒေသခံတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပူးပေါင်းပြီးလုပ်ဆောင်နေပါပြီ။ အင်းလေးကန်မှာ ရေခမ်းခြောက်တာ၂၀၁၀မှာတစ်ကြိမ်၊ ၂၀၁၆ မှာတစ်ကြိမ် ဖြစ်ခဲ့တာပါ။ အင်းပတ်ဝန်းကျင် ရှစ်မြို့နယ်မှာ သစ်တောပြုန်းတီးလာလို့ မြေဆီလွှာတိုက်စားတာတွေဖြစ်ခဲ့ပြီး နုန်းမြေတန်ချိန် ၇သိန်း လောက်ကို အင်းထဲကနေစုပ်ယူခဲ့ရပါတယ်။ အင်းလေးကန်ပြန်လည်ထူထောင်ရေးနဲ့ပတ်သတ်ပြီး သစ်တောသုတေသနဌာန (နေပြည်တော်)ရဲ့ ညွှန်ကြားရေးမှုး ဒေါက်တာသောင်းနိုင်ဦးက အခုလိုပြောပါတယ်။
“အင်းလေးကန်ကို ကျွန်တော်တို့က ဇီဝ အဝန်းအဝိုင်းနယ်မြေပေါ့နော်။ ဒါမျိုးကိုသတ်မှတ်ပြီးတဲ့အခါမှာလည်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ဒီကိစ္စတွေအတွက် ကျွန်တော်တို့ကဘက်ပေါင်းစုံကနေလုပ်ပါတယ်။ အဓိကတော့ ကျွန်တော်တို့က နှစ်ပိုင်းပေါ့ ရေဝေရေလဲဒေသမှာရှိတဲ့ သစ်တောတွေကို ကျွန်တော်တို့က ပုံစံမျိုးစုံနဲ့ ဒေသခံအစုအဖွဲ့ပိုင်သစ်တောနဲ့ထိန်းသိမ်းတယ်။ နောက်ဒီ erosion လို့ခေါ်တဲ့မြေဆီလွှာတွေ တိုက်စားမှုတွေ လျော့ပါးသက်သာအောင် သီးနှံ့ သစ်တောရောနှောစိုက်ပျိုးတဲ့ စိုက်ခင်းတွေနဲ့ ကျွန်တော်တို့ ထိန်းသိမ်းတယ်။ နောက်တစ်ခုက အသိပညာပေးရေးလုပ်ငန်းတွေပေါ့ သစ်တောပြုန်းတီးတဲ့ အကြောင်းအရာများစွာထဲမှာ အင်းလေးကန်ပတ်ဝန်းကျင်ဒေသမှာဆိုရင်လည်း နံပတ်တစ်က ထင်းလိုဟာမျိုး ကျွန်တော်တို့ သစ်ထုတ်တဲ့ လုပ်ငန်းတွေလည်းရှိမယ်။ ထင်း၊ မီးသွေး ဒါလေးတွေသုံးတာလည်းရှိမယ်။ နောက်ပြီးရွှေ့ပြောင်းတောင်ယာ ခုတ်တာမျိုးတွေလည်းရှိမယ်။ ဒါတွေလည်း သစ်တောပြုန်းတီးတဲ့အကြောင်းအရင်းတွေပေါ့။”
အင်းလေးကန်ရေဝေရေလဲ သစ်တောဖုံးလွှမ်းမှုက ၂၀၁၀မှာ စတုရန်းမိုင် ၁၃၀ ကျော်ရှိခဲ့ပေမဲ့ ၂၀၁၅ နောက်ဆုံးတိုင်းတာချက် မှာ စတုရန်းမိုင် ၁၀မိုင်လောက်ထပ်ပြီးလျော့ကျသွားတယ်လို့ သစ်တောဦးစီးဌာနရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထား ပါတယ်။
၁၉၉၄ မှာ အင်းလေးကန်ဒေသ ခရီးသွားလုပ်ငန်းကိုစပြီး အကောင်အထည်ဖော်ခဲ့တာပါ။ အင်းလေးကန်က ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သဘာဝကန်ဖြစ်ပြီး ဇီဝမျိုးကွဲတွေကြွယ်ဝသလို ထုံးကျောက်ပါတဲ့ ရှားပါး သစ်ဆွေးမြေရှိတဲ့ အရှေ့တောင်အာရှက တစ်ခုတည်းရှိတဲ့ဒေသပါ။ ဒေသခံတွေက အင်းလေးရဲ့ဂေဟစနစ်ကို ထိခိုက်နိုင်တဲ့ ဟိုတယ်နဲ့ အခြားဆောက်လုပ်ရေး လုပ်ငန်းတွေတည်ဆောက်လာခဲ့ရင် ကန့်ကွက်ဖို့လည်း ရှိနေပါတယ်။