သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်ဦးမော့လာဖို့ လုပ်ငန်းရှင်တွေမျှော်လင့် 


MYANMAR-UNREST-POLITICS-RELIGION-TOURISM
MYANMAR-UNREST-POLITICS-RELIGION-TOURISM

မြန်မာနိုင်ငံထဲ ပြည်ပက ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုနည်းပေမယ့် ပြည်တွင်းအပန်းဖြေခရီးသွားသူတွေ ကမ်းခြေနဲ့ ပုဂံဒေသဆီ လည်ပတ်ကြတာ များတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ မြန်မာပြည်တွင်း အခုနှစ် ခရီးသွားရာသီ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက်ကို ကိုရဲမွန် က ပြောပြမှာပါ။ 

ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်ဦးမော့လာဖို့ လုပ်ငန်းရှင်တွေမျှော်လင့်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံထဲ အခုနှစ် ခရီးသွားရာသီမှာ ပြည်ပက ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုနည်းပေမယ့် ပြည်တွင်းအပန်းဖြေခရီးသွားသူတွေ ကမ်းခြေနဲ့ ပုဂံဒေသဆီ လည်ပတ်ကြတာ များတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေကတော့ အခု နိုဝင်ဘာ လဆန်းပိုင်းကစပြီး မြန်မာနိုင်ငံထဲ တချို့တလေ အလည်အပတ်ရောက်လာကြတယ်လို့ ပြောပါတယ်။ မြန်မာပြည်တွင်း အခုနှစ် ခရီးသွားရာသီ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက်ကို ကိုရဲမွန် က ပြောပြမှာပါ။

မိုးတွင်းကာလအကုန် အခုနှစ် ပွင့်လင်းရာသီမှာ ကမ်းခြေဒေသဖြစ်တဲ့ ချောင်းသာ၊ ငပလီနဲ့ ငွေဆောင် ကမ်းခြေတွေဆီ အပန်းဖြေခရီးသွားရောက်လည်ပတ်ကြတာ များပါတယ်။ ပုဂံဒေသနဲ့ မြန်မာပြည်အထက်ပိုင်း မန္တလေး၊ ပြင်ဦးလွင်၊ ကလော၊ တောင်ကြီး ဒီလိုအအေးပိုင်း ဒေသတွေဆီလည်း ပြည်တွင်းခရီးသည်တွေ လည်ပတ်ကြတာများတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီနှစ်ထဲမှာ ပြည်တွင်းခရီးသွားတွေကိုသာ အဓိက အားထားမျှော်လင့်နိုင်တဲ့ အခြေအနေရှိနေပြီး၊ ပြည်ပကနေ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်ကတော့ နိုဝင်ဘာလထဲ စရှိနေပေမယ့် နည်းနေသေးတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"မိုးတွင်းတုန်းက မှန်းထားတာက ပွင့်လင်းရာသီမှာ အများကြီး ပြန်ဝင်လာလိမ့်မယ်လို့ မျှော်လင့်နေပေမယ့် မျှော်မှန်းသလောက်ကို ဝင်မလာသေးဘူးပေါ့နော်။ အထူးသဖြင့် အပန်းဖြေခရီးသည်မျိုး ဝင်လာတာ မရှိသေးဘူး။ Business Traveller တော့ ပြန်ဝင်လာတာ တွေ့ရတယ်။ ဒါပေမဲ့ ဒီအပန်းဖြေခရီးသွားတွေက အောက်တိုဘာလ တလလုံးဝင်ရောက်လာတာ သိပ်မတွေ့ရဘူး။ အခု နိုဝင်ဘာလမှာတော့ အားယူပြီးတော့ ပြန်ဝင်လာတယ်။ ပုံမှန်အားဖြင့်ဆိုရင်လည်း ပြည်ပခရီးသွားတွေက နိုဝင်ဘာလဆို မြင့်တက်လေ့ရှိတယ်။ ဒီဇင်ဘာ လဆန်းပိုင်းလောက် တက်ပြီးတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အချိန်ဆိုရင် ပြည်ပခရီးသွားတွေ ကျသွားလေ့ရှိတယ်။ ၁ လပိုင်းအကုန်ကနေ ၂ လပိုင်း၊ ၃ လပိုင်းအထိ ပိုများတယ်ပေါ့နော်။ အဲဒါကြောင့် ပုံမှန်အရဆိုလည်း ဒီနိုဝင်ဘာမှာ ခရီးသွားတတ်တဲ့အတွက် ဒီလတွေမှာ ပြည်ပခရီးသွားတွေ ပြန်ပြီးတက်လာတယ်။"

ပုဂံ၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး ဒီခရီးစဉ်တွေကို ပြည်ပခရီးသွားတွေ လည်ပတ်တာများပါတယ်။ အရင်ကလို ခရီးသွားရာသီမှာ အုပ်စုလိုက်ရောက်လာပြီး လည်ပတ်တာမျိုး မဟုတ်ပေမယ့် ဝင်လာသူတချို့အတွက် ပြည်တွင်းခရီးစဉ်တွေကို သွားလို့ရသလောက် စီစဉ်ပေးရတာမျိုးလည်း ရှိတယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"ခရီးစဉ်တွေက အရင်ကလိုတော့ ကျယ်ကျယ်ပြန့်ပြန့်တော့ သွားလို့မရတော့ဘူး။ ဒါပေမဲ့လည်း ရန်ကုန်ကနေ ပုဂံ၊ မန္တလေး၊ တောင်ကြီး၊ အင်းလေးကို သွားကြတာများတယ်။ အရင်ကဆိုရင်တော့ ကလော၊ ပင်းတယ အထိသွားပေမယ့် အခု ပင်းတယသွားတဲ့ ခရီးစဉ်တွေဆိုရင် ရပ်ဆိုင်းသွားတယ်ပေါ့လေ။ အဲတော့ ရှမ်းပြည်မှာ အရင်က ၄ - ၅ ရက်နေတဲ့ ခရီးစဉ်တွေက အခု ၁ ညအိပ်၊ ၂ ညအိပ်က အများဆုံးဖြစ်သွားတာပေါ့လေ။ ခရီးစဉ်တွေ ပိုတိုသွားပါတယ်ခင်ဗျ။"

နိုင်ငံခြားခရီးသွားတွေ အရင်က သွားရောက်လည်ပတ်လေ့ရှိတဲ့ မြန်မာနိုင်ငံတွင်းက အပန်းဖြေခရီးစဉ်တွေလည်း လတ်တလောဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ရေးတင်းမာမှု၊ လုံခြုံရေးတပ်ကျပ်မှု အခြေအနေတွေကြား သိပ်ပြီးမျှော်လင့်ချက် မရှိဘူးလို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတချို့ကလည်း ခန့်မှန်းကြပါတယ်။ ခရီးသွားဒေသတခုဖြစ်တဲ့ ပုဂံကိုတော့ အခုရက်တွေမှာ လာရောက်လည်ပတ်သူ ပုံမှန်ပြန်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေဟာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင်ကာလနဲ့ နှိုင်းယှဉ်ရင်တော့ ဧည့်သည်ဝင်ရောက်တာက ၂၀ ရာခိုင်နှုန်းလောက်သာ ရှိသေးတယ်လို့ ပြောပါတယ်။ ခရီးသွားဧည့်သည်တွေကို အဓိကအားထားပြီး လုပ်ကိုင်စားသောက်ရတဲ့ ပုဂံဒေသရဲ့ အခြေအနေကို ဒေသခံတဦးက အခုလိုပြောပါတယ်။

"ကျနော်တို့ ပုဂံသူ၊ ပုဂံသားတွေက ပိုက်ဆံအရမ်း ရှိတဲ့သူတောင်မှ ဧည့်သည်မရှိလို့ရှိရင် ဟိုတယ်ရပ်နားရတာတို့၊ အလုပ်သမားတွေကို နားခိုင်းရတာမျိုးတွေ ရှိတယ်။ အဓိကပြောချင်တာက ဧည့်သည်မရှိလို့ရှိရင် တကယ့်သူဌေးတွေတောင်မှ အဆင်မပြေကြဘူး။ ကျနော်တို့လို အခြေခံလူတန်းစားတွေ မပြောနဲ့။ အခြေခံလူတန်းစားတွေက ဧည့်သည်လေးရှိမှ ဝင်ငွေလေးရှိမှ စားလို့သောက်လို့ ရတာ။ ကိုဗစ်ပထမလှိုင်း ဖြစ်တုန်းကဆိုရင် အခု ပုန်းရည်ကြီး ထုတ်လုပ်လိုက်တဲ့ ပဲပိစပ်အခွံတွေလေ၊ အဲဒါတွေကို သုပ်စားရတဲ့အထိတောင် ဖြစ်ဖူးတယ်။ ဘုရားဖူးပါ၊ ခရီးတွေ အရမ်းကြီးထွက်ပါလို့လည်း မတိုက်တွန်းချင်ပါဘူး။ ဒါပေမဲ့ ဒေသခံတွေ အတွက်ကတော့ ဒီလိုမျိုး ဧည့်သည်နည်းနည်းလေးတွေ လာပေးတာက ဒေသခံတွေကို လုပ်ကျွေးနေသလို မျိုးလေးပေါ့နော်။"

နိုင်ငံရေး မတည်ငြိမ်တာကြောင့် အထိခိုက်ဆုံး လုပ်ငန်းတွေထဲမှာ ခရီးသွားလုပ်ငန်းလည်း တခုအပါအဝင် ဖြစ်တဲ့အကြောင်း စီးပွားရေးပညာရှင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ ကပ်ရောဂါဘေးကြောင့် တနေရာကနေ တနေရာ သွားလာခွင့်တွေ ကန့်သတ်ခံရတာကနေ ပြည်တွင်းခရီးသွား လုပ်ငန်းတွေလည်း လုံးဝရပ်နားခဲ့ရတဲ့ အခြေအနေ ရှိခဲ့ပါတယ်။

အခုနှစ် ဧပြီလကစပြီး ပြည်တွင်းခရီးသွားတွေ လည်ပတ်တာရှိပေမယ့် ကပ်ရောဂါကာလ မတိုင်ခင် ၂၀၁၉ ခုနှစ် ဧပြီလနဲ့ နှိုင်းယှဉ်ရင်တော့ ၁၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေရဲ့ စာရင်းအရ သိရပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကတော့ နိုင်ငံခြားဧည့်သည်တွေ မြန်မာနိုင်ငံထဲ အပန်းဖြေခရီးသွားလာနိုင်ဖို့ ပြည်ဝင်ခွင့် Tourist Visa ကို အခုနှစ် ဧပြီလ ဒုတိယပတ်ကစပြီး လျှောက်ထားခွင့်ပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

........................................................


{{Zawgyi/Unicode}}









XS
SM
MD
LG