သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္တြင္း၊ ျပည္ပက ခရီးသြားေတြအလာနည္းလို႔ ပုဂံၿမိဳ႕ စီးပြားေရးက်ဆင္း


ပုဂံၿမိဳ႕ကို အလည္လာတဲ့ ႏိုင္ငံျခားသား ခရီးသြားမ်ား။ (မွတ္တမ္းဓာတ္ပံု)

ခရီးသြားလုပ္ငန္းက်ဆင္းေနတဲ့ ျမန္မာႏိုင္ငံအလယ္ပိုင္း ေရွးေဟာင္းပုဂံၿမိဳ႕တဝိုက္မွာ စီးပြားေရးလုပ္ငန္းအမ်ားစုက ရပ္တန႔္ေနၿပီး ခရီးသြားလုပ္ငန္းကို မွီခိုေနတဲ့ လုပ္ငန္းေတြ ဆက္တိုက္ ရပ္နားထားရပါတယ္။ တခ်ိဳ႕ဆိုရင္ အိမ္နဲ႔ ေျမယာပိုင္ဆိုင္တာေတြကို ထုတ္ေရာင္းေနၾကၿပီး ျပည္ပထြက္ခြာဖို႔၊ တျခားေဒသမွာ ေ႐ႊ႕ေျပာင္းအေျခခ်ဖို႔ ႀကိဳးပမ္းလာတာေတြ ရွိေနတယ္လို႔ ပုဂံက လုပ္ငန္းရွင္ တခ်ိဳ႕က VOA ကို ေျပာပါတယ္။ ျပည္တြင္းကေပးပို႔တဲ့ ဒီသတင္းကို ကိုေဇာ္၀င္းလႈိင္က ေျပာျပမွာပါ။

ပုဂံေဒသအတြက္ အခုအခ်ိန္က ခရီးသြားရာသီျဖစ္ေပမဲ့ ျပည္တြင္း၊ ျပည္ပ ဧည့္သည္ အလာနည္းသြားတာေၾကာင့္ ပုဂံေဒသရဲ႕စီးပြားေရးကို အေတာ္ေလးထိခိုက္ေနတယ္လို႔ ေဒသခံေတြက ဗြီအိုေအကို ေျပာပါတယ္။ ပုဂံက ခရီးသြားလုပ္ငန္းရွင္တဦးကေတာ့ လုပ္ငန္းရွင္အမ်ားစုက အခုအခ်ိန္မွာ လုပ္ငန္းပိုင္ဆိုင္မႈေတြကို ထုတ္ေရာင္းၿပီး ေတာင့္ခံထားရတယ္လို႔ ေျပာပါတယ္။

"ေဒသခံေတာ္ေတာ္မ်ားမ်ားက လက္ရွိအေနအထားက ကိုဗစ္ကာလမွာ ေဒၚေအာင္ဆန္းစုၾကည္လက္ထက္မွာက ေခ်းေငြထုတ္ေပးတယ္ဗ်ာ၊ ေထာက္ပံ့ေငြေပးတယ္၊ အဲဒီလိုက႑မ်ိဳးေတြ ရွိတဲ့အတြက္ သိသိသာသာ အဲ့ဒီလို မျဖစ္ခဲ့ဘူးဗ်။ က်ပ္တည္းၾကတယ္ က်ပ္တည္းေပမဲ့ စားဝတ္ေနေရး အဆင္ေျပတယ္ေပါ့ေနာ္။ လုပ္ငန္းေတြက ရပ္ထားရတယ္ ဒါေပမဲ့ စားဝတ္ေနေရး အဆင္ေျပတယ္။ အခုအာဏာသိမ္းၿပီးေတာ့ ေနာက္ဆက္တြဲမွာ ရွိတဲ့ဟာေတာ္ေတာ္မ်ားမ်ားက ထုတ္ေရာင္းၾကတဲ့အေနအထားကို ျဖစ္သြားၾကတယ္ဗ်။ ေတာ္ေတာ္ကို အေျခအေနဆိုးတယ္၊ ေဒသခံပိုင္တဲ့ ဟိုတယ္ေတြ၊ စီးပြားေရးလုပ္ငန္းေတြ၊ ဘာဆိုဘာမွ မရွိေတာ့ဘူးဗ်။"

စားေသာက္ဆိုင္၊ ဟိုတယ္လုပ္ငန္းနဲ႔ လက္မႈပစၥည္းလုပ္ငန္းခြင္က လူငယ္အမ်ားစုကေတာ့ ပုဂံမွာ အလုပ္ရွားပါးလာတဲ့အတြက္ မေလးရွားကိုသြားေရာက္ အလုပ္လုပ္ကိုင္ေနၾကၿပီလို႔ လက္မႈပစၥည္းထုတ္လုပ္တဲ့ လုပ္ငန္းရွင္တခ်ိဳ႕က ေျပာပါတယ္။ အထူးသျဖင့္ ဟိုတယ္ႏွင့္ စားေသာက္ဆိုင္အမ်ားအျပားရွိတဲ့ ေညာင္ဦးၿမိဳ႕ထဲက လုပ္ငန္းရွင္ေတြဟာ လုပ္ငန္းကိုအၿပီးတိုင္ ေရာင္းခ်မႈေတြရွိေနတယ္လို႔ စားေသာက္ဆိုင္ပိုင္ရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"က်မတို႔က ဆိုင္ခန္းငွားၿပီး ဖြင့္တာဆိုေတာ့ သုံးႏွစ္ကလည္း ျပည့္သြားတဲ့အခါက်ေတာ့ေလ.. ကိုယ္ေရာင္းတာလည္း ႏိုင္ငံျခားသားအစားအစာနဲ႔ တြဲဖက္ေရာင္းတဲ့အခါက်ေတာ့ ႏိုင္ငံျခားသားလည္း မလာတဲ့အခါက်ေတာ့ ပိတ္ထားလိုက္တာေပါ့ေနာ္။ အိမ္မွာေတာ့ ေအာ္ဒါေတြလက္ခံၿပီး လုပ္ေနတာေပါ့ေနာ္။ တခ်ိဳ႕ဆိုဟိုတယ္ေတြ ေရာင္းသြားတာေတြ၊ စားေသာက္ဆိုင္ေတြ ေရာင္းတာေတြ၊ လည္ပတ္လို႔မရတဲ့အခါက်ေတာ့ လမ္း(မ)ေဘးမွာေနတဲ့သူေတြကလည္း လမ္းေဘးကေနရာေတြေရာင္းၿပီး လမ္းေဘးမဟုတ္တဲ့ လူစည္တဲ့ေနရာေတြေ႐ႊ႕ အဲဒီလိုေတြလည္း ၾကားတယ္ရွင့္။"

အခုခရီးသြားရာသီျပန္ဖြင့္ခ်ိန္မွာ ပုဂံအပါအဝင္ ေနရာအမ်ားစုကို ခရီးသြားလုပ္ငန္းျမႇင့္တင္ဖို႔ ဌာနဆိုင္ရာေတြဘက္က ႀကိဳးစားေနေပမဲ့ နယ္ေျမမတည္ၿငိမ္တာ၊ အေထြေထြ ကုန္ေစ်းႏႈန္း ႀကီးျမင့္ေနတာေၾကာင့္ ေဒသခံေတြ ခရီးသြားလုပ္ငန္း ျပန္လုပ္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိတဲ့အေၾကာင္း လုပ္ငန္းရွင္တခ်ဳိ႕က ေျပာပါတယ္။ ျမန္မာ ဟိုတယ္နဲ႔ခရီးသြား ဌာနကေတာ့ စက္တင္ဘာ ၉ ရက္ကစၿပီး မေလးရွားႏိုင္ငံကလြဲၿပီး က်န္တဲ့အာဆီယံ ခရီးသြားေတြအတြက္ ျပည္ဝင္ခြင့္ဗီဇာကင္းလြတ္ခြင့္ ေပးလိုက္ပါတယ္။ ဒါေပမဲ့ ကပ္ေရာဂါနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေၾကာင့္ ကိုဗစ္ကာလမတိုင္ခင္ကရွိခဲ့တဲ့ ႏိုင္ငံတကာခရီးသြားဦးေရ ၁,၀၀၀,၀၀၀ ရရွိခဲ့တဲ့ပမာဏကို ျပန္ရဖို႔ လက္ရွိအေျခအေနမွာ မျဖစ္ႏိုင္ေသးဘူးလို႔ ခရီးသြားလုပ္ငန္းရွင္ေတြ တြက္ဆထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်တွင်း၊ ပြည်ပက ခရီးသွားတွေအလာနည်းလို့ ပုဂံမြို့ စီးပွားရေးကျဆင်း

ခရီးသွားလုပ်ငန်းကျဆင်းနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ရှေးဟောင်းပုဂံမြို့တဝိုက်မှာ စီးပွားရေးလုပ်ငန်းအများစုက ရပ်တန့်နေပြီး ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ လုပ်ငန်းတွေ ဆက်တိုက် ရပ်နားထားရပါတယ်။ တချို့ဆိုရင် အိမ်နဲ့ မြေယာပိုင်ဆိုင်တာတွေကို ထုတ်ရောင်းနေကြပြီး ပြည်ပထွက်ခွာဖို့၊ တခြားဒေသမှာ ရွှေ့ပြောင်းအခြေချဖို့ ကြိုးပမ်းလာတာတွေ ရှိနေတယ်လို့ ပုဂံက လုပ်ငန်းရှင် တချို့က VOA ကို ပြောပါတယ်။ ပြည်တွင်းကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

ပုဂံဒေသအတွက် အခုအချိန်က ခရီးသွားရာသီဖြစ်ပေမဲ့ ပြည်တွင်း၊ ပြည်ပ ဧည့်သည် အလာနည်းသွားတာကြောင့် ပုဂံဒေသရဲ့စီးပွားရေးကို အတော်လေးထိခိုက်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ပုဂံက ခရီးသွားလုပ်ငန်းရှင်တဦးကတော့ လုပ်ငန်းရှင်အများစုက အခုအချိန်မှာ လုပ်ငန်းပိုင်ဆိုင်မှုတွေကို ထုတ်ရောင်းပြီး တောင့်ခံထားရတယ်လို့ ပြောပါတယ်။

"ဒေသခံတော်တော်များများက လက်ရှိအနေအထားက ကိုဗစ်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာက ချေးငွေထုတ်ပေးတယ်ဗျာ၊ ထောက်ပံ့ငွေပေးတယ်၊ အဲဒီလိုကဏ္ဍမျိုးတွေ ရှိတဲ့အတွက် သိသိသာသာ အဲ့ဒီလို မဖြစ်ခဲ့ဘူးဗျ။ ကျပ်တည်းကြတယ် ကျပ်တည်းပေမဲ့ စားဝတ်နေရေး အဆင်ပြေတယ်ပေါ့နော်။ လုပ်ငန်းတွေက ရပ်ထားရတယ် ဒါပေမဲ့ စားဝတ်နေရေး အဆင်ပြေတယ်။ အခုအာဏာသိမ်းပြီးတော့ နောက်ဆက်တွဲမှာ ရှိတဲ့ဟာတော်တော်များများက ထုတ်ရောင်းကြတဲ့အနေအထားကို ဖြစ်သွားကြတယ်ဗျ။ တော်တော်ကို အခြေအနေဆိုးတယ်၊ ဒေသခံပိုင်တဲ့ ဟိုတယ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဘာဆိုဘာမှ မရှိတော့ဘူးဗျ။"

စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းနဲ့ လက်မှုပစ္စည်းလုပ်ငန်းခွင်က လူငယ်အများစုကတော့ ပုဂံမှာ အလုပ်ရှားပါးလာတဲ့အတွက် မလေးရှားကိုသွားရောက် အလုပ်လုပ်ကိုင်နေကြပြီလို့ လက်မှုပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ အထူးသဖြင့် ဟိုတယ်နှင့် စားသောက်ဆိုင်အများအပြားရှိတဲ့ ညောင်ဦးမြို့ထဲက လုပ်ငန်းရှင်တွေဟာ လုပ်ငန်းကိုအပြီးတိုင် ရောင်းချမှုတွေရှိနေတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျမတို့က ဆိုင်ခန်းငှားပြီး ဖွင့်တာဆိုတော့ သုံးနှစ်ကလည်း ပြည့်သွားတဲ့အခါကျတော့လေ.. ကိုယ်ရောင်းတာလည်း နိုင်ငံခြားသားအစားအစာနဲ့ တွဲဖက်ရောင်းတဲ့အခါကျတော့ နိုင်ငံခြားသားလည်း မလာတဲ့အခါကျတော့ ပိတ်ထားလိုက်တာပေါ့နော်။ အိမ်မှာတော့ အော်ဒါတွေလက်ခံပြီး လုပ်နေတာပေါ့နော်။ တချို့ဆိုဟိုတယ်တွေ ရောင်းသွားတာတွေ၊ စားသောက်ဆိုင်တွေ ရောင်းတာတွေ၊ လည်ပတ်လို့မရတဲ့အခါကျတော့ လမ်း(မ)ဘေးမှာနေတဲ့သူတွေကလည်း လမ်းဘေးကနေရာတွေရောင်းပြီး လမ်းဘေးမဟုတ်တဲ့ လူစည်တဲ့နေရာတွေရွှေ့ အဲဒီလိုတွေလည်း ကြားတယ်ရှင့်။"

အခုခရီးသွားရာသီပြန်ဖွင့်ချိန်မှာ ပုဂံအပါအဝင် နေရာအများစုကို ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ဌာနဆိုင်ရာတွေဘက်က ကြိုးစားနေပေမဲ့ နယ်မြေမတည်ငြိမ်တာ၊ အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်နေတာကြောင့် ဒေသခံတွေ ခရီးသွားလုပ်ငန်း ပြန်လုပ်ဖို့ မျှော်လင့်ချက်မရှိတဲ့အကြောင်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။ မြန်မာ ဟိုတယ်နဲ့ခရီးသွား ဌာနကတော့ စက်တင်ဘာ ၉ ရက်ကစပြီး မလေးရှားနိုင်ငံကလွဲပြီး ကျန်တဲ့အာဆီယံ ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကိုဗစ်ကာလမတိုင်ခင်ကရှိခဲ့တဲ့ နိုင်ငံတကာခရီးသွားဦးရေ ၁,၀၀၀,၀၀၀ ရရှိခဲ့တဲ့ပမာဏကို ပြန်ရဖို့ လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ ခရီးသွားလုပ်ငန်းရှင်တွေ တွက်ဆထားကြပါတယ်။

XS
SM
MD
LG