သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော်သစ္စာဖောက် ပုန်ကန်မှုနဲ့ စွဲချက်ထပ်တင်


 စစ်ကိုင်းတိုင်း မုံရွာမြို့က စစ်ကောင်စီ ဆန္ဒပြပွဲတခုမှာ တွေ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်။ (မတ် ၂၈၊ ၂၀၂၁)
စစ်ကိုင်းတိုင်း မုံရွာမြို့က စစ်ကောင်စီ ဆန္ဒပြပွဲတခုမှာ တွေ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်။ (မတ် ၂၈၊ ၂၀၂၁)

ဖမ်းဆီးထောင်ချခံထားရတဲ့ မုံရွာ သပိတ်ကော်မတီ ခေါင်းဆောင် ကိုဝေမိုးနိုင်အပေါ် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ နောက်ထပ် ပုဒ်မှ တခုနဲ့ စစ်ကောင်စီက ထပ်ပြီး တရားစွဲဆိုလိုက်တဲ့အကြောင်း မိသားစုတွေက ပြောပါတယ်။ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုဆိုတဲ့ ပုဒ်မ ၁၂၂ နဲ့ စွဲဆိုတာဖြစ်ပြီး အမှုအတွက် ရှေ့နေငှားဖို့ ခက်ခဲတာကြောင့် ကိုယ်တိုင် ခုခံချေပမယ့် ပုံရှိတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပါ့မယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကမှ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ဆိုတဲ့ ပုဒ်မ ၁၂၂ နဲ့ ကိုဝေမိုးနိုင်ကို ထပ်မံ တရားစွဲဆိုလိုက်တာပါ။ စက်တင်ဘာ ၈ ရက်နေ့မှာ ပထမဆုံး ရုံးထုတ်ခဲ့တဲ့အကြောင်း ကိုဝေမိုးနိုင်ရဲ့ မိခင်က ပြောပါတယ်။

"၁၂၂ ဆိုတာနဲ့ စွဲထားပါတယ်ရှင့်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုတာနဲ့ စွဲထားပါတယ်။ ၈ ရက်နေ့က ရုံးထုတ်ပါတယ်။ လူသတ်မှုတို့၊ ဒလန်ဖမ်းဆီးမှုတို့နဲ့ပက်သတ်တာကတော့ အယူခံဝင်ထားတယ်။ အယူခံဝင်ထားတဲ့အတွက် အယူခံကျလို့ ပြန်စစ်နေတဲ့အမှုလည်းရှိသလို အယူခံကနေ ပြန်မဆင်းလာတဲ့ အမှုလည်းရှိတယ်။ နောက်သဘာဝဘေးပုဒ်မ ၂၅ လည်း ရှိတယ်။ နောက် ဆိုင်ကယ်သပိတ် ဦးဆောင်ပြီးတော့ ဆူပူအကြမ်းဖက်အောင် လှုံဆော်မှုဆိုပြီး စွပ်စွဲထားတဲ့ ရာဇသတ်ကြီး ၅၀ ပေါ့နော်။ ၅၀၅ ထဲက ရာဇသတ်ကြီး ၅၀ အဲ့ဒါလည်း ကျန်သေးတယ်။ အဲဒီတော့ အားလုံး နောက်ထပ်စွဲထားတဲ့ ၁၂၂ ရောဆိုရင် နောက်ထပ် ၄ မှု ကျန်သေးတာပေါ့နော်။"

စွဲဆိုထားတဲ့ ဒီပုဒ်မ ၁၂၂ ဆိုတာ ပြစ်မှူ ကျူးလွန်တယ်လို့ ပြစ်ဒဏ်စီရင်ခံရရင် ပြစ်ဒဏ်အနေနဲ့ သေဒဏ်အထိ ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ချမှတ်ခံရနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ တရားရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီအမှု အတွက် စက်တင်ဘာလ ၂၂ ရက်ကို နောက်ထပ် ရုံးချိန်း ပေးထားပါတယ်။ အမှုအတွက် ရှေ့နေဌားရမ်းဖို့ အခက်အခဲရှိတဲ့အကြောင်းလည်း ကိုဝေမိုးနိုင်ရဲ့ မိခင်က ပြောပါတယ်။

"အခု ၁၂၂ ကလည်း ရှေ့နေ မရသေးဘူး။ ကျမတို့ကတော့ ရှေ့နေမဌားနိုင်ပါဘူး။ အစိုးရပေးမယ့် ရှေ့နေနဲ့ပဲသွားမယ်ပေါ့။ အဲဒီတော့ ရှေ့နေကတော့ မသိသေးဘူး၊ ဘယ်လိုစီစဉ်ပေးမယ်ဆိုတာ။ တခြား အမှုတွေကတော့၊ စစ်ဆေးနေတဲ့အမှုတွေကတော့ သူ့ဟာနဲ့သူ သွားနေတာပေါ့။ အမှုတွေအားလုံးနဲ့ ပက်သတ်လို့ကတော့ ကျမတို့ကတော့ ရှေ့နေမသုံးတော့ဘူး။ ရှေ့ပိုင်းမှာတော့ သုံးခဲ့တယ်ပေါ့နော်။ အခုတော့ ဝေမိုးနိုင် ကိုယ်တိုင်ထုချေနေပါတယ်။"

ကိုဝေမိုးနိုင်အပေါ် စွဲဆိုထားတဲ့ အမှုတွေအတွက် ရှေ့နေငှားတဲ့အခါ ရှေ့နေတွေကို အာဏာပိုင်တွေဘက်က ဖိအားပေးတာတွေ ရှိနေတယ်လို့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။ ရှေ့နေတချို့ကို မတရားအသင်း ကြေညာထားတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့အတွက် အမှုရင်ဆိုင်ဖို့ ခက်ခဲပြီး ကိုယ်တိုင် ခုခံချေပနေရတယ်လို့ တရားရေးအသိုင်းအဝိုင်းက ပြောပါတယ်။

မုံရွာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခဲပါတယ်။ ဆိုင်ကယ်သပိတ်ဖြစ်အောင် ဆူပူလုံဆော်တဲ့ အမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅၊ လူသတ်မှုတွေနဲ့ တရားစွဲဆိုထားပြီး အခုနောက်ထပ်တိုးတဲ့ ပုဒ်မ ၁၂၂ နဲ့ဆို အမှု ၄ မှု ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ က နဲ့ စွဲဆိုခံထားရတဲ့ အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ပြီးခဲ့တဲ့ သြဂုတ်လကပဲ ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG