သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းလေးဟိုတယ်ဇုန် ပြန်စသင့်မသင့် ဒေသခံတွေနဲ့ ညှိနှိုင်းမည်


အင်းလေးကန် (အောက်တိုဘာ၊ ၀၁၊ ၂၀၁၄)
အင်းလေးကန် (အောက်တိုဘာ၊ ၀၁၊ ၂၀၁၄)

ကန့်ကွက်မှုတွေကြောင့် ရပ်နားထားရတဲ့ အင်းလေးကန်ဟိုတယ်ဇုန် စီမံကိန်း ဆက်လုပ်သင့်၊ မသင့်ကို ရှမ်းပြည်နယ်အစိုးရအနေနဲ့ ဒေသခံတွေ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်းသွားဖို့ရှိနေပါတယ်။ စီမံကိန်းအတွက် လျာထားတဲ့ မြေယာ ပြဿနာတွေမှာလည်း မြေဝယ်ထားတဲ့ သူရော လျော်ကြေးပေးပြီး ဖယ်ရှားခံရတဲ့ ဒေသခံတွေရော နှစ်ဘက် နစ်နာမှု မရှိအောင် ဥပဒေအတိုင်း ဆောင်ရွက် သွားသင့်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တဦးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။

မြေဧက ၆၀၀ အကျယ်ရှိတဲ့ ညောင်ရွှေမြို့နယ် အင်းလေးကန်အရှေ့ပိုင်းရွာ ခြောက် ရွာကျော်မှာ မြေယာတွေကို သုံးနှစ်စကာ သီးနှံ လျော်ကြေးပေးပြီး အင်းလေးကန် အရှေ့ပိုင်း ဟိုတယ်ဇုန် တည်ဆောက်ဖို့ အရင် အစိုးရလက်ထက်က စီစဉ်ခဲ့တာပါ။ ဒါပေမယ့် မြေယာ လျော်ကြေးမရတာရော အင်းလေးကန် ဂေဟစနစ် ပျက်စီးမှာ စိုးရိမ်တာကြောင့် ဒေသခံတွေက ဒီစီမံကိန်းကို ကန့်ကွက်ခဲ့တဲ့အတွက် အဲဒီ ဟိုတယ်ဇုန် စီမံကိန်းကို ယာယီ ဆိုင်းငံထားတာ ဖြစ်ပါတယ်။ နိုင်ငံတော် စီမံကိန်းဆိုပေမယ့်လည်း မြေယာတွေကိုတော့ ပုဂ္ဂိလကတွေ ပြန်ဝယ်ယူပြီး ဟိုတယ်ဇုန် ဆောက်ဖို့ စီစဉ်ခဲ့တာပါ။ ဒီမြေ ဝယ်ယူခဲ့သူတွေထဲမှာ ဒေသခံတွေပါသလို မြေသိမ်းခံရသူတွေကလည်း ဒေသခံတွေ ဖြစ်တဲ့အတွက် ဒါကို နှစ်ဘက် နစ်နာမှု မရှိအောင် ဥပဒေနဲ့အညီ ဆောင်ရွက်သင့်ကြောင်း ရှမ်းပြည်နယ်အစိုးရ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ဗွီအိုအေကို ပြောပါတယ်။

“လျော်ကြေး ယူထားတယ်ဆိုတာ ယူထားတယ်။ ယူထားတယ်သာ ပြောတယ် တဧကမှ ၁၃ သိန်း၊ ၁၄ သိန်းလောက်ရတာ မိဘဘိုးဘွားပိုင် ထင်းခြံတွေ ရှိတယ်၊ ဘုန်းကြီးကျောင်းပိုင် ထင်းခြံတွေ ရှိတယ်။ ဒေသခံတွေကို မနစ်နာအောင်တော့ ပေးသင့်တယ်ဗျ။ နိုင်ငံတော် စီမံကိန်းကြီးပေမဲ့ နိုင်ငံတော်က ဟိုတယ်ဆောက်တာ မဟုတ်ဘူးဗျ။ ရှမ်းအစိုးရက မြေကို သိမ်းပြီးတော့ လုပ်ငန်းရှင်တွေကို အကွက် ရိုက်ပြန်ရောင်းတဲ့ သဘော ဖြစ်နေတယ်။ အဲဒီလိုကြီးဗျ။"

လွန်ခဲ့တဲ့ လေးနှစ် အရင်အစိုးရလက်ထက် အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်း အကောင်အထည်ဖော်တဲ့အချိန် ဒေသခံတွေက ထွန်တုံးတိုက်ပွဲတွေလုပ်ပြီး ဒါကို ကန့်ကွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ၊ ဒေသခံတွေ၊ လုပ်ငန်းရှင်တွေပါတဲ့ တွေ့ဆုံညှိနှိုင်းပွဲ လုပ်ဖို့ ရှိသလို လာမယ့် လွတ်တော်မှာလည်း ရပ်တန့်ထားတဲ့ ဟိုတယ်ဇုန် စီမံကိန်းကိစ္စကို ညောင်ရွှေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးက မေးမြန်သွားဖို့ ရှိပါတယ်။ သူက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အကောင်အထည်ဖော်ကတည်းက ကျနော်တို့နဲ့ ရွာသားတွေနဲ့ ကန့်ကွက်တယ်၊ နောက်အခုဖြစ်သွားပြီးမှလည်း မအောင်မြင်နိုင်ဘူးဆိုတာ အခုကျနော်တို့ လေးနှစ်ကျော်ပြီ ဟိုတယ်တွေလည်း လာမဆောက်ကြဘူး။ ဒါအောင်လည်း မအောင်မြင်နိုင်ဘူး။ ဧက ၆၂၂ လောက် အကျယ်ကြီးက သစ်ပင်တွေ ကုန်သွားတဲ့အပြင် သူတို့ infrastructure လို့ခေါ်တဲ့ လမ်းတွေ မီးတွေ လုပ်ထားတဲ့ ပိုက်ဆံတွေကလည်း တော်တော် ကုန်သွားတယ်ဗျ။”

အခုဇွန်လထဲ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ငါးရက် ကျင်းပခဲ့တဲ့ ယူနက်စကိုရဲ့ ၂၇ ကြိမ်မြောက် အစည်းအဝေးမှာ အင်းလေးကန်ကို မြန်မာနိုင်ငံရဲ့ လူသားနဲ့ ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။ အင်းလေးကန်ရဲ့ရေဝေရေကြောက သစ်တောဟက်တာ ၅,၀၀၀ လောက် ပျက်စီးသွားတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဇီဝမျိုးကွဲ ကြွယ်ဝတဲ့ ထုံးကျောက်နဲ့ သစ်ဆွေးမြေပါတဲ့ အရှေ့တောင်အာရှရဲ့ တခုတည်းရှိတဲ့ ဒေသပါ။ ဒီနေရာမှာ ဟိုတယ်လုပ်ငန်းတွေ အလွန်အကျွံများမလာဖို့ ဒေသခံတွေက တောက်လျှောက် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG