သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဦးမြို့နယ်တွင်း ကြားကာလပညာရေးစာသင်ကျောင်းဗုံးကြဲခံရ


စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦး မြို့တွေမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးခံရစဥ်/ယခင်မှတ်တမ်းဓာတ်ပုံ။ (Photo: Citizen Journalist )
စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦး မြို့တွေမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးခံရစဥ်/ယခင်မှတ်တမ်းဓာတ်ပုံ။ (Photo: Citizen Journalist )

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ထန်းတောဗောဓိအထက်တန်းကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ကျေးရွာသားတွေထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ ကလေးမြို့တောင်ပိုင်းမှာလည်း အလားတူ လေကြောင်းတိုက်ခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ထန်းတောကျေးရွာ ထန်းတောဗောဓိ ကြားကာလပညာရေးသင်ကြားပေးနေတဲ့ အထက်တန်းကျောင်းကို မေလ ၉ ရက် နေ့လယ် ၂ နာရီကျော်မှာ ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ လူထိခိုက်သေဆုံးတာမရှိပေမယ့် စာသင်ကျောင်း စာကြည့်တိုက် အနည်းငယ်ပျက်စီးခဲ့သလို ထန်းတောကျေးရွာအပါအဝင် အနီးနားကကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထန်းတောကျေးရွာသားတဦးက ပြောပါတယ်။

“ကြဲတာကတော့ ဂျက်ဖိုက်တာနဲ့ ပစ်သွားတာပဲ။ ထန်းတောဗောဓိ စာသင်ကျောင်းရှေ့တည့်တည့်မှာ ကျသွားတာ။ မှန်တွေကော မျက်နှာကျက်တွေကော အကုန်လုံးကွဲသွားပါတယ်။ လူသေဆုံးထိခိုက်မှုတော့ မရှိပါဘူး။ နွားတကောင်တော့သေသွားတယ်။ ကျနော်တို့ဒီထန်းတောရွာက ၁၃၀/၁၅၀ ဝန်းကျင်လောက်တော့ရှိမယ်။ အဲ့လူတွေကရှောင်နေရတယ်။ ဘေးမှာလည်း ရွာတွေလည်းရှိတယ်။အဲ့ရွာတွေလည်း ရှောင်နေတယ်။ ကျောင်းမှာစာသင်နေတယ်ဆိုတဲ့သတင်းရလို့ အဲ့လို ပစ်တာထင်တယ်။”

ထန်းတော ကျေးရွာက ဗောဓိ အခြေခံပညာအထက်တန်းကျောင်းဟာ ရေဦးမြို့နယ်အတွင်း နာမည်ရရှိတဲ့ စာသင်ကျောင်း တကျောင်းဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ အခုလိုတိုက်ခိုက်တာဟာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရက ကြီးကြပ်တဲ့ ကြားကာလပညာရေးစနစ်ကို ဟန့်တားလိုတဲ့အတွက် လာရောက်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ မြို့နယ်ပညာရေးတာဝန်ခံက အခုလိုသုံးသပ်ပါတယ်။

“သူတို့ရဲ့ရည်ရွယ်ချက်က ရေဦးမြို့နယ်ရဲ့ကြားကာပညာရေးစနစ် NUG MOE မှာ အရှိန်အကောင်းဆုံး စာသင်ကျောင်းပေါ့နော်၊ အထက ထန်းတောဗောဓိကတော့။ ဒီမှာရှိတဲ့ ပညာရေးရပ်ဝန်းမှာ ရေဦးမှာတော့ Top 1 ပေါ့ အရှိန်အဟုန်အကောင်းဆုံး ကျောင်းတကျောင်းဖြစ်နေတာ။ ဒီကျောင်းကို ဒီလိုလုပ်လိုက်ရင် ကျန်တဲ့ကျောင်းတွေကိုလည်း စစ်ကောင်စီအနေနဲ့ ခြိမ်းခြောက်ပြီးသားဖြစ်သွားမယ်။ ဒီကျေးရွာနဲ့ ဒီပတ်ဝန်းကျင် တခုလုံးကျတော့ ဒီရွာ ဒီဒေသကနေပြီးတော့ တာဝန်ခံပြီး ဟောပြောတယ်ဆွေးနွေးတယ်။ ဒါတွေအကုန်လုံးကို ပစ်မှတ်ထားပြီး လာလုပ်တာလို့မြင်ပါတယ်။”

ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်မနေဘဲ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၆ လုံးကြဲသွားတာဖြစ်ပြီး ကျောင်းမှာစာသင်သူမရှိချိန်ဖြစ်လို့ လူထိခိုက်သေဆုံးတာမရှိခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ထန်းတော ဗောဓိ စာသင်ကျောင်းဟာ အာဏာမသိမ်းခင်က ကျောင်းသားပေါင်း ၁,၄၀၀ နီးပါး ပညာသင်ကြားခဲ့တဲ့ အထက အဆင့်ရှိတဲ့ကျောင်းတကျောင်းလည်း ဖြစ်ပါတယ်။ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာဆိုရင်လည်း ရေဦးမြို့နဲ့ ကပ်လျက် ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းကို စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စာသင်ကြားနေတဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၃ ဦး သေဆုံးခဲ့ရပါသေးတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့အနီးက သာစည်ရွာနဲ့ မြောင်းလှရွာကြားကို မေ ၉ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့ပါသေးတယ်။ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ပစ်ခတ်ခဲ့တာလို့ စစ်ဘေးရှောင်ကူညီနေသူတဦးက အခုလို ပြောပါတယ်။

“သာစည်နဲ့မြောင်းလှရွာကြားပေါ့။ တိုက်ပွဲမဖြစ်ဘူး ဒီအတိုင်းကိုလာပစ်တာ။ ဘာတိုက်ပွဲမှ မရှိဘူး၊ ဒီအတိုင်းကို လာပစ်သွားတာ။ ထိခိုက်သေဆုံးတာတော့မရှိဘူး။ အဲ့ဒီအနီးနားတဝိုက်ရွာတွေကတော့ တိမ်းရှောင်နေရတယ်။”

ကလေးမြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေမကြာခဏဖြစ်ပြီး စစ်တပ်က လေကြောင်းကပစ်ခတ်သလို ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေအပြင် နယ်မြေရှင်းလင်းရေးတွေ လုပ်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG