သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာတွေကို လကြောင်းကနေတိုက်ခိုက်လို့  ဒေသခံတွေတိမ်းရှောင်


ဒီပဲယင်းမြို့ (ဓာတ်ပုံ - citizen Journalist)
ဒီပဲယင်းမြို့ (ဓာတ်ပုံ - citizen Journalist)

စစ်ကိုင်းတိုင်း ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသခံအရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင် ကပြောပြပါမယ်။

ဇန်နဝါရီ ၁၄ ရက် နေ့လည်ပိုင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းအရှေ့ခြမ်းက ညောင်လှ ဝဲကြီး ကုန်းကြီး ယဉ်ကျေး စတဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ပြီး နယ်မြေရှင်းလင်း တာတွေလုပ်နေပါတယ်။ လေကြောင်းကနေ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီကနေ့ ပစ်ခတ်တဲ့အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကိုယ်တိုင်အပစ်ခံခဲ့ရတယ်။ ကျွန်တော်တို့အနီးနားဝန်းကျင်ပေါ့ဗျာ။ အရှေ့ခြမ်းခေါ်တာပေါ့။ ညောင်လှ နတ်မြား ဝဲကြီး ကုန်းကြီး မရိုးကုန်း ယဉ်ကျေး အထူးသဖြင့်တော့ ယဉ်ကျေးကျောင်းပေါ့။ ယဉ်ကျေး တောကျောင်းခေါ်တာပေါ့ အဲ့ကျောင်းကို လေယာဉ် ၅ စီးနဲ့ ၂ စင်းကပစ်တယ်။ ၁ စင်းက လူချတယ်။ အခုတော့ မီးတွေ့ရှို့နေတယ်ပေါ့ သူတို့လုပ်နေကြတယ်။ ၁၂ နာရီလောက်ကနေပြီးတော့ တစင်းက ရေဦးဘက်ကနေ ဒီပဲယင်းဘက်ခြမ်းကို နည်းနည်းဦးတည်တယ်။ အဲ့ကနေ လူခေါ်လာလားမသိဘူး။ ၂ စီးက ဖိုက်တာလို့ ခေါ်တယ်။ Mi35 လို့ခေါ်တဲ့ ၂ စင်းကတော့ ရောက်ရောက်ချင်း အဲ့ နမခ ကနေ အဲ့နေရာကို ဝင်ပစ်တာ။ ယဉ်ကျေးဘုန်းကြီးကျောင်းပေါ့နော်။ အဲ့နား အနီးနားပတ်ဝန်းကျင်ရွာတွေကို အပေါ်ကနေ ဝဲပြီးတော့ ပစ်နေတာပေါ့ဗျာ။ အဲ့ယဉ်ကျေး ဘုန်းကြီးကျောင်းကို မရောက်ခင် အင်ပင် ကုန်းတဲဘက်မှာကိုက ပစ်ခဲ့သေးတာ။ ဘယ်ကိုပစ်တယ်ဆိုတာတော့ သတင်းမသိသေးဘူး။ တနေရာကို ပစ်တယ်ကြားတယ်။ အဲ့ကို ဝဲပြီးပစ်တဲ့အချိန်မှာ ကျွန်တော်တို့ ပြေးတယ်။ အခုတော့ အဆင်ပြေတဲ့နေရာ ဝေးတဲ့နေရာကို ရောက်သွားပါပြီ။”

စစ်ကောင်စီဟာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာရောက်ပစ်ခတ်တာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပြောပါတယ်။

“သတင်းနဲ့လာပစ်တာ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က အထိခိုက်မရှိဘူး။ ကျွန်တော်တို့ဘက်က ပစ်တာမရှိဘူး။ ဘာကြောင့်လာပစ်တာလည်းဆိုတော့ သူတို့တွေ ဒီဘက်ကမှာ စစ်ဆင်ရေးဝင်တာ ကြာနေပြီလေ။ သူတို့က အဲ့မှာ အမြဲစစ်ကြောင်းတွေထိုးနေတာကို”

ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒီပဲယင်း ရေဦး စတဲ့ မြို့တွေက ကျေးရွာတွေကို စစ်ကောင်စီက မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေလုပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရတာလည်း ရှိသလို ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ဒီကနေ့ လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ လေကြောင်းက တိုက်ခိုက်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ဗိုလ်ချုပ်ဇော်မင်းထွန်းက လိုအပ်ရင် လေကြောင်းသုံး တိုက်ခိုက်တာတွေပြုလုပ်မယ်လို့လည်း ပြောထားပါတယ်။

.........................................................................................

တိုက်ရိုက် လင့်ခ်



Unicode









XS
SM
MD
LG