သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်


မကြာသေးခင်ကဓါတ်ပုံ (KNDF via AP )
မကြာသေးခင်ကဓါတ်ပုံ (KNDF via AP )

ကယားပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အကြား တနေကုန်တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ မြို့ပေါ်မှာတော့ ဒေသခံပြည်သူတွေ မရှိသလောက်နည်းသွားပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက်လည်း အကူအညီတွေလိုအပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် က ပြောပြမှာပါ။

လွိုင်ကော်မြို့က ရွာတန်းရှည်နဲ့ မိုင်းလုံးရပ်ကွက်တဝိုက် အင်္ဂါနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကြား နှစ်ဖက်တိုက်ပွဲတွေ တနေကုန်ဖြစ်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့ပေါ်ကို တိုက်လေယာဉ်နှစ်စီးနဲ့ ၉ကြိမ်ပစ်ခတ်ခဲ့တယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

"ဒီနေ့တိုက်ပွဲကတော့ လွိုင်ကော်မြို့ပေါ်၊ မိုင်းလုံးနဲ့ ရွာတန်းရှည်ကြားမှာ ဖြစ်ကြတာပေါ့လေ။ တနေကုန်ပဲ တိုက်ပွဲဖြစ်သွားတယ်။ ဒါပေမယ့် အထူးခြားဆုံးကတော့ ညနေ ၅ နာရီခွဲ ကျော်ကျော်လောက်မှာတော့ ဂျက်လေယာဉ်နဲ့ ထပ်ပြီးလာတိုက်ခိုက်တာပေါ့လေ။ စစ်တပ်ကတိုက်ခိုက်တာ အားလုံးကတော့ ကျနော်တို့ဆီ မရောက်ပါဘူး။ တိုက်လေယာဉ်နဲ့ ၉ကြိမ်လာပစ်တယ်၊ ကျနော်တို့ဆီတော့ မရောက်ဘူး။ မြို့ပေါ်မှာရှိတဲ့အိမ်တွေဘက် ဦးတည်ပြီးတော့မှ လုပ်တဲ့ပုံစံမျိုးတွေလည်း ဖြစ်တာများတာပေါ့လေ။ ဒါကတော့ ဒီကနေ့အခြေအနေပေါ့လေ။"

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂၀ အထိ သေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ကျည်တွေကို သိမ်းဆည်းရမိတယ်လို့ KNDF ကထုတ်ပြန်ထားပေမယ့် ဒီအပေါ်VOA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ လွိုင်ကော်နဲ့အနီးတဝိုက်မှာတော့ နေထိုင်သူဒေသခံ မရှိသလောက်နည်းသွားပြီလို့ KNDF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

"ဒီမှာက တိုက်ပွဲတွေပဲ ရှိတော့မှာပေါ့လေ။ စစ်ကောင်စီကတော့ လွိုင်ကော် သို့တည်းမဟုတ် ကရင်နီပြည်ကြီးကို တခုလုံး အကြီးအကျယ်ထိုးစစ်ဆင်မယ်။ ပြီးရင်တော့ ဒီပြည်နယ်ကြီးကို သိမ်းပိုက်မယ်ဆိုတဲ့ အယူအဆကတော့ အခိုင်အမာရှိထားပုံရပါတယ်လေ၊ ကျနော်စဉ်းစားတာ။ ဒါပေမယ့်လည်း ကျနော်တို့ KNDF တခုလုံးရဲ့ သဘောထားကတော့ ထိုးလာတဲ့စစ်ကြောင်းတွေ အားလုံးကို တတ်နိုင်သလောက် ခုခံတိုက်ခိုက်မယ်။ ပြီးရင် ကျနော်တို့ပြည်နယ်ကို ကျနော်တို့ကာကွယ်ရမယ်ဆိုတဲ့ အခြေအနေတွအားလုံးကတော့ ကျနော်တို့ KNDF ရဲဘော်တွေမှာ အသီးသီးရှိကြတယ်ဆိုတာတော့ ပြောလို့ရတယ်ဗျ။"

လွိုင်ကော်နဲ့ အနီးတဝိုက်က စစ်ဘေးဒုက္ခသည်တွေကို ပြည်သူအချင်းချင်း ကူညီပေးနေတာမှာ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ဆိုက်ခေါင်စံပြကျေးရွာမှာလည်း စစ်ရှောင်လာသူတွေအတွက် ဘာသာရေးအဆောက်အအုံတွေမှာ နေရာထိုင်ခင်းပြင်ဆင်ပေးထားပါတယ်။ ဆီဆိုင်က စစ်ရှောင်ကယ်ဆယ်ရေးနေရာတွေဆီ ရောက်လာကြသလို ဒီကနေ့အထိ ဆိုက်ခေါင်မှာရောက်လာသူတွေလည်း ၅၀၀ ဝန်းကျင်အထိရှိနေပြီး သူတို့တွေရဲ့ စားသောက်နေထိုင်ရေးအတွက် လိုအပ်ချက်တွေရှိနေတဲ့အကြောင်း ဆိုက်ခေါင်ဒေသခံ ကိုဇော်မင်းကပြောပါတယ်။

"ကျနော်တို့ ဆိုက်ခေါင်ကိုရောက်နေတာ ၃ ရက်လောက်ရှိပြီဗျ။ အခု ဒီနေ့အထိကတော့ ကျနော်တို့ကို စာရင်းလာပေးသလောက် ၅၀၀ ပတ်ဝန်းကျင်တော့ ရှိနေပြီဗျ။ တချို့ကတော့ စာရင်းမပေးဘဲနဲ့ သူတို့အမျိုးအိမ်မှာနေတာတော့ ရှိနေတယ်ဗျ။ ကျနော်တို့ အဲဒါလေးတွေ စုစည်းပြီး စာရင်းတွေကောက်ဖို့လည်း ပြင်နေပါတယ်ဗျ။ လိုအပ်ချက်ကတော့ တော်တော်လေးများတယ်ဗျ။ အဝတ်အထည်တွေ၊ စောင်တွေလည်း လိုတယ်။ စားသောက်စရာ ဆန်၊ ဆီတွေလည်းလိုတယ်။ ကျနော်တို့ လောလောဆယ်တော့ မြို့မဈေးထဲမှာ NGO အဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ပေါင်းပြီး အလှူခံတယ်။ တချို့လည်း အလှူရှင်တွေကိုယ်တိုင် လာလှူတာရှိတယ်။ အဲဒါလေးတွေကိုတော့ ကျနော်တို့ စနစ်တကျ လိုက်ဝေပေးဖို့ ပြင်ဆင်နေတယ်ပေါ့။ ထိထိရောက်ရောက်တော့ အဖွဲ့စုံအောင်တော့ မလုပ်နိုင်သေးဘူးဗျ။ အခုမှ လူတွေကလည်း တဖွဲဖွဲလာတုန်းဆိုတော့။"

ကယားပြည်နယ်ကနေ ရောက်လာတဲ့စစ်ရှောင်တွေထဲမှာ အများစုက အမျိုးသမီးတွေဖြစ်ပြီးတော့ အသက်အရွယ်ကြီးသူ၊ နာမကျန်းသူတွေနဲ့ ကလေးငယ်တွေအပြင် မွေးခါနီးကိုယ်ဝန်ဆောင်တွေလည်း ပါဝင်ပါတယ်။ တိုက်ပွဲနဲ့ လက်နက်ကြီးဒဏ်တွေကြောင့် အများစုက အိုးအိမ်စွန့်ခွာလာကြတာပါ။ ကိုယ့်ရဲ့နေအိမ် မပျက်စီးဖို့နဲ့ အိမ်ပြန်နိုင်ဖို့အတွက်ကိုလည်း မျှော်လင့်နေကြပါတယ်။ လွိုင်ကော် - ဆီဆိုင် လမ်းမကြီးနဲ့ လွိုင်ကော် - ပင်လောင်း လမ်းမကြီးမှာ စစ်ကောင်စီယာဉ်တွေအသွားအလာရှိလို့ အဲဒီနေရာတွေကို ညနေ ၆နာရီကနေ မနက် ၆နာရီအတွင်း စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံတွေ မဖြတ်ကြဖို့ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က သတိပေးထားပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ဒေသခံတွေအပေါ် ပိတ်ပင်ကန့်သတ်ထားတာတွေ ပြန်ရုတ်သိမ်းပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က မနေ့တုန်းက တောင်းဆိုထားပါတယ်။

.......................................

{{Zawgyi/Unicode}}








XS
SM
MD
LG