တိုင်းရင်းသားတပ်ဖွဲ့ချင်း တိုက်ပွဲဆက် ကျောက်မဲ-သီပေါ စစ်ပြေးဒုက္ခသည် ဦးရေတိုး
{{Zawgyi/Unicode}}
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်အတွင်းမှာ တိုင်းရင်းသားတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ပြေးဒုက္ခသည်တွေဟာ ကျောက်မဲမြို့က ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာအိမ်တွေမှာ တိမ်းရှောင်နေကြပါတယ်။ သီပေါမြို့မှာတော့ စစ်ပြေးဒုက္ခသည် ၄၀၀လောက်ထိ ရှိလာနေပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့နယ်အစပ်ဒေသမှာ ဒီလ ၈ရက်နေ့က စတင်ပြီး TNLA တအန်း(ပလောင်)၊ SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်နဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေအကြား တိုက်ပွဲ စတင်ခဲ့တာပါ။
ဒီတိုက်ပွဲတွေဟာ ဒီမနက်အထိ ဆက်လက်ဖြစ်ပွားနေပြီး ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းတွေနဲ့မိတ်ဆွေတွေအိမ်မှာ ခိုလှုံနေတာကြောင့်အရေအတွက် အတိအကျ မသိရကြောင်း စစ်ပြေးဒုက္ခသည်တွေကို ကူညီနေသူတဦးက ပြောပါတယ်။
“ ကျောက်မဲမြို့ အောက်ဖက်တွေပေါ့။ ဒီ အာရှဟိုင်းဝေးပေါ့။ ပြည်ထောင်စုလမ်းမကြီး အဲဒီအထက်နားမှာတော့ ချနေတာပဲ။ မနက်ကတည်းက ချနေကြတာ။ ဒီနေ့ကတော့ ချောင်းချောက်နဲ့ ကျောက်မဲကြားပေါ့။ နားခေါ်ပေ့ါ။ စစ်ရှောင်ကိစ္စက တော်တော် ခက်တယ်။ ကျနော် လူတိုင်းမေးတယ် ဖြေလို့ မရဘူး။ ဘာလို့လဲဆိုတော့ ရွာသူရွာသားအများစုကတော့ ကျောက်မဲမြို့နဲ့ နီးတယ်တဲ့တွက် မြို့ထဲမှာ သူတို့ရဲ့ မိတ်ဆွေတွေအိမ်မှာသွားတာတို့၊ နောက်ပြီး ကားလမ်းဘေးပေါ့၊ မြို့နဲ့ ကပ်နေတဲ့ ရွာလေးတွေမှာ ဆွေမျိုး မိတ်သင်္ဂတွေဆီမှာ သွားနေတာတော့ ရှိတယ်ဗျ။ တချို့လည်း ဘုန်းကြီးကျောင်းတွေမှာ သွားနေတယ်။ စစ်ရှောင်စခန်းရယ်လို့ ဖွင့်တာတော့ မဟုတ်ဘူး။”
စစ်ရှောင်စခန်းဖွင့်ထားတာမရှိလို့ စာရင်း ကောက်ယူဖို့ ခက်ခဲကြောင်း ပြောပါတယ်။
ရှမ်းစာပေယဉ်ကျေးမှုအသင်းရှိ စစ်ရှောင်ကော်မတီ တွဲဘက်အတွင်းရေးမှုး စိုင်းထွန်းဝင်း က သူတို့နေရာကို ဒီလ ၁၂ရက်နေ့က လူ ၃၀ရောက်လာကြောင်း ပြောပါတယ်။
“ အခုကတော့ ချောင်းချောက်အုပ်စုထဲက မန်ဆိုင်းရွာကတော့ မနေ့က ဒီ ရှမ်းစာပေယဉ်ကျေးမှု မြေနေရာကို အယောက် ၃၀ ရောက်လာတယ်။ ပြီးလိုရှိရင် တခြား ရွာတွေကလည်း ရှိသေးတယ်ဗျ။ သူကတော့ သက်ဆိုင်ရာ အမျိုးတွေ ဆီမှာတွေ ရောက်နေတာ ရှိတယ်ဗျ။”
ပြီးခဲ့တဲ့ နိုဝင်ဘာလက တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည် ၃၀၀ကျော်ဟာ ကျောက်မဲမြို့ ရှမ်းစာပေယဉ်ကျေးမှုအသင်း၊၁၀၀ကျော် သန္တိသုခဓမ္မာရုံ နဲ့ နောက် ၁၀၀ကျော်ဟာ တောင်နောက် ဘုန်းကြီးကျောင်းမှာလက်ရှိ အချိန်ထိ ရှိနေကြောင်း စိုင်းထွန်းဝင်းက ပြောပါတယ်။
သီပေါမြို့နယ်မှာ ဘော်ကြိုဘုရားနဲ့ သာသနာ ၂၅၀၀ ကျောင်းတိုက်မှာ စစ်ပြေးဒုက္ခသည် ၄၀၀လောက်ထိ ရှိနေကြောင်းနဲ့ လက်ရှိ အချိန်မှာ အခက်အခဲ မရှိပေမဲ့ ရက်ကြာလာရင် စားနပ်ရိက္ခာအတွက် ခက်ခဲလာနိုင်ကြောင်း နယ်စည်းမခြား ပရဟိတအသင်းက ကိုမျိုးက ပြောပါတယ်။
“ ဘော်ကြိုနဲ့ ဒီသာသနာ ၂၅၀၀ဆို ၄၀၀နီးပါးပေါ့။ အခက်အခဲကတော့ လောလောဆည် ဘာမှတော့ မရှိသေးပါဘူး။ စားဖို့ ဘာညာလည်း အဆင်ပြေတယ်။ ရေရှည်ကြာရင်တော့ နည်းနည်းလေး စားဖို့အတွက်တော့ လိုလာမှာပေါ့နော်။ ”
လက်ရှိမှာတိုက်ပွဲတွေဟာ ပြည်ထောင်စုလမ်းမကြီးအနီး ကျောက်မဲမြို့နယ် ချောင်းချောက်အုပ်စု၊ နားခေါ်အုပ်စုအတွင်းမှာဖြစ်ပွားနေတာပါ။
လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ နေရာရဲ့ တောင်ဖက် လွယ်ဆာ၊ နောင်လိုင်၊ ကောင်းဟုန်ရွာဘက်တွေမှာ RCSS ရှမ်းတောင်တပ်က အင်အားအများအပြားနဲ့ တပ်စွဲထားတာကြောင့် တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရှိနေပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း TNLA တအန်း(ပလောင်)၊ SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်နဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေအကြားဖြစ်တဲ့ တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀၀ကျော်လောက်ဟာ မိုင်းကိုင်မြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
............................................
{{Unicode}}