သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 လေကြောင်းကအတိုက်ခံရတဲ့ လွိှုင်ကော် သံဃာတော်များပါ ဘေးလွတ်ရာတိမ်းရှောင်


Loikaw လွိုင်ကော်
Loikaw လွိုင်ကော်

လေကြောင်းကအတိုက်ခံရတဲ့ လွိှုင်ကော် သံဃာတော်များပါ ဘေးလွတ်ရာတိမ်းရှောင်

{{Zawgyi/Unicode}}

ကယားပြည်နယ် လွိုင်ကော်မြို့မှာ လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရော ၊ ရဟန်း သံဃာတွေပါ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ပုဗ္ဗာရုံ စာသင်တိုက်က သံဃာတွေ အပါအဝင် ရာနဲ့ချီတဲ့ ရဟန်းသံဃာတော်တွေ ဘေးလွတ်ရာကို တိမ်းရှောင်ရတဲ့ အတွက် ၊ တချို့ ဘုန်းကြီးကျောင်းတွေမှာ သံဃာ ၃- ၄ ပါးလောက်သာ ကျန်တော့တာပါ ။မြို့မှာ ကျန်နေတဲ့ သံဃာတွေမှာလည်း အခက်အခဲတွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

လွိုင်ကော်မြို့တွင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြာ ပြင်းပြင်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၂ ရက် မနေ့ကအထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဒီအခြေအနေကြောင့် ဒေသခံတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတဲ့အပြင် ရဟန်းသံဃာတော်တွေပါ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

လွိုင်ကော်မြို့ ပုဗ္ဗာရုံစာသင်တိုက်မှာ သံဃာတော် ၁၄၀ ပါး ကျော် ရှိတဲ့အထဲ ကျောင်းမှာ ၈ ပါးသာ ကျန်ရှိနေပြီး ကျန်တာတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြတာလို့
ပုဗ္ဗာရုံစာသင်တိုက် ဆရာတော်က ဗွီအိုအေကို မိန့်ကြားပါတယ်။

“ဦးဇင်းတို့ (သံဃာတော်အပါး) ၁၄၀ ကျော်၊ အခုက ၈ ပါးလောက်ဘဲ ကျန်တယ်ပေါ့ အဲ့မျိုးပေါ့။ အခြေအနေကတော့ သိတဲ့အတိုင်းဘဲ သူက ကြောက်တာက ဗုံးကြဲတာ ကြောက်တာပေါ့နော်။ ဗုံးကြဲတာကြောက်တယ်။ နောက်ပြီးတော့ ဟို တစ်ညလုံး ဆူဆူညံညံ သေနတ်သံနဲ့ ဗုံးသံနဲ့ ကြားနေရတဲ့အခါကျတော့ အိပ်လည်း မရဘူးလေး။ မီးလည်း မပါဘူး။ မီးပျက်တယ် ရေမလာဘူးပေ့ါ။ နေလို့မရတော့ဘူး အဲ့မျိုးပေါ့။ မလုံခြုံတော့ အကုန်လုံးထွက်ပြေးကုန်ရော။ လွိုင်ကော်မြို့ထဲမှာတော့ လူ ၂၀၀ ထက် ပိုမရှိတော့ဘူးထင်တယ် ဒီမှာက။”

စစ်ဘေးရှောင်တဲ့ ရဟန်းသံဃာနဲ့ ဒေသခံတွေဟာ တောင်းကြီးမြို့ ၊ ဆီဆိုင်မြို့နဲ့ ပတ်ဝန်းကျင် ဒေသခံတွေမှာ ခိုလှုံနေကြရသလို သံဃာတော် တချို့က သူတို့ရဲ့ဆရာသမားနဲ့ မိဘတွေက လာကြိုသွားကြတယ်လို့ မိန့်ပါတယ်။

လွိုင်ကော်မြို့ ကုန်းဆွတ်ဘုန်းကြီးကျောင်းမှာလည်း ရဟန်းသံဃာ အပါး ၃၀ ကျော်ရှိပြီး လွိုင်ကော်ဇာတိဖြစ်တဲ့ သံဃာတော်တွေ ကျောင်းမှာ ကျန်ခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ဆီဆိုင်ဘက်မှာ ရှောင်နေတယ်လို့ အဲ့ကျောင်းဆရာတော်က မိန့်ပါတယ်။

“ကျောင်းမှာက အပါး ၂၀ လောက်ကျန်သေးတယ်။ တချို့ကတော့ ကျန်သေးတယ် ရွှေတောင်ကျောင်းက ၁၀ ပါး ကျော်ကျော်လောက် ကျန်သေးတယ်လို့ ပြောတယ်။ တခြားကျောင်းကလည်း သံဃာနည်းတဲ့ ကျောင်းကျတော့ ၃ ၊ ၄ ပါး လောက်တော့ ကျန်သေးတယ်။ အခြေအနေဆိုးလာ ဒီထက်မကဆိုးလာမှာကိုဘဲ ကြောက်နေလို့ ရှောင်နေတာပါ။”

လွိုင်ကော်မြို့ပေါ်မှာ ခန့်မှန်ခြေ ဘုန်းကြီးကျောင်း ၅၀ လောက်ရှိပြီး တိုက်ပွဲဝန်းကျင်နဲ့ နီးတဲ့ ကျောင်းတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာလို့ လွိုင်ကော်မြို့နယ် သာသနာရေးရုံး ဝမ်းထန်တဦးက ဆိုပါတယ်။

“လွိုင်ကော်မှာကျတော့ စာသင်တိုက်ကြီးက ၂တိုက်ရှိတာပေါ့နော်။ သံဃာအပါး ၁၀၀ ကျော် စာသင်တိုက် ၂ တိုက်ရှိတယ် ရွှေတောင်နဲ့ ပုဗ္ဗာရုံပေါ့နော်။ တိုက်ပွဲဖြစ်တဲ့နေရာ အနီးအနား မလွတ်နိုင်ဘူးဆိုတဲ့ ကျောင်းတွေဘဲ ရှောင်တယ်။ ဥပမာမိုင်းလုံနဲ့ တဲ့ ပုဗ္ဗာရုံကျောင်းဆိုလည်း သူလည်း ရှောင်သွားတယ်။ နောက်ပြီးတော့ ဒေါဥခူမှာဖြစ်တဲ့အခါကျတော့ ဒေါဥခူကျောင်းကလည်း ဘေးလွတ်တဲ့နေရာကို ရှောင်သွားတာပေါ့နော်။”

ဇန်နဝါရီ ပထမအပတ်ကတည်းက လွိုင်ကော်မြို့ခံတွေက ထွက်ပြေးရှောင်တိမ်းနေကြပြီး လက်ရှိ မြို့တွင်းမှာ လူမရှိသလောက်ဖြစ်သွားပြီးလို့ ပုဗ္ဗာရုံစာသင်တိုက် ဆရာတော်က မိန့်ကြားပါတယ်။

လက်ရှိ လွိုင်ကော်မြို့မှာ ရေ၊ မီးဖြတ်တောက်ခံထားရလို့ ကျန်ရှိနေတဲ့ သံဃာတွေ အခက်အခဲဖြစ်လာမယ်လို့ ဆရာတော်က အခုလိုမိန့်ပါတယ်။

“အခက်အခဲကတော့ များစွာရှိမှာဘဲ ဘာဖြစ်လည်းဆိုတော့ ရေမရှိ မီးမရှိဘူးဆိုတော့ နောက်ဈေးဝယ်ချင်လည်း ဈေးကလည်း မရှိ ဝယ်ချင်တဲ့ပစ္စည်းလည်း တစ်ယောက်မှမရှိတော့ဘူးလေး အကုန်လုံး ပိတ်ပြီးတော့ သွားကြတာပေါ့။ နောက် ရက်နည်းနည်းရှည်လာတော့ ဦးဇင်းတို့က အခက်အခဲကတော့ တော်တော်ရှိလာမယ်။”

လွိုင်ကော်မြို့တွင်းမှာ ကျန်ရှိနေတဲ့ သံဃာတော်တွေအနေနဲ့ ကိုယ်တိုင်း ချက်ပြုတ်စားသောက်ရမှာဖြစ်လို့ အခက်အခဲရှိသလို စားသောက်ကုန်ဝယ်ယူဖို့လည်း မရရှိတော့ဘူးလို့ ဆရာတော်တွေက မိန့်ကြားပါတယ်။

......................................

တိုက်ရိုက် လင့်ခ်


{{Unicode}}




ပုဗ်ဗာရုံစာသငျတိုကျ ဆရာတောျက ဗှီအိုအကေို မိန့ျကွားပါတယျ။











XS
SM
MD
LG