စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နဲ့ ရေဦးမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့ပါတယ်။ နယ်မြေရှင်းလင်းမှုကြောင့် ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၈ ရွာက ဒေသခံအများအပြားဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ခင်ဦးမြို့နဲ့ ရေဦးမြို့နယ်ထဲက အခြေအနေ သတင်းပေးပို့ထားတာကို မမြသဇင်အောင်က ပြောပြပါမယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ရေဦးမြို့နယ်အစပ်က မုံလှကျေးရွာကို မတ်လ ၆ ရက် မနက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်နေပြီး နယ်မြေရှင်းလင်းရေးအတွင်း ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦး ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။
စစ်တပ်က ကျေးရွာထဲကို ဝင်ရောက်လာတဲ့အတွက် စစ်ဘေးရှောင်ရင်း စစ်တပ်က ပစ်ခတ်တဲ့ ကျည်ဆံထိမှန်ပြီး ကလေးငယ်တဦး သေဆုံးခဲ့တာလို့ မုံလှကျေးရွာသား တဦးက အခုလို ပြောပြပါတယ်။
“အောင်သာယာ(ကျေးရွာ)မှာဝင်တော့ စစ်ကြောင်းက ဒီဘက်ကို ထိုးမယ်လို့ သတင်းရလို့ မုံလှရဲ့ အရှေ့ဘက်က သရက်ခြံမှာ ထွက်ရှောင်လိုက်တဲ့အချိန်မှာ အခုလို ဖြစ်သွားတာ။ စစ်ရှောင်တွေဘက်ကို ထိုးသွားတဲ့အချိန်မှာ ပစ်ဝင် ဝင်တာကနေ ကလေးတယောက် ဦးခေါင်းမှန်ပြီး ဆုံးရှုံးသွားပြီ။”
သေဆုံးသွားတဲ့ ကလေးငယ်ဟာ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး မုံလှကျေးရွာဟာ ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်(စ်)ဘိုရဲ့ မွေးရပ်မြေလည်း ဖြစ်ပါတယ်။ မတ်လ ၅ ရက် မနေ့တုန်းကလည်း အလည်လျှိုကျေးရွာက ကလေးငယ်တဦးဟာ မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယူဆောင်လာရာကနေ ပေါက်ကွဲပြီး သေဆုံးသွားပါတယ်။
မုံလှကျေးရွာကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက် စစ်တပ်က လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒုတိယအကြိမ်အနေနဲ့ နိုဝင်ဘာ ၂၃ ရက်မှာ ဝေဟင်ရော မြေပြင်ကပါ ပစ်ခတ်တာတွေလုပ်ပြီး ကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သလို အဖွားအို ၁ ဦးနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦးသေဆုံးခဲ့ရပါသေးတယ်။
အခုလို ခင်ဦးမြို့နယ်ထဲကို စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် မုံလှကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်က ကျေးရွာတော်တော်များများက တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။
“အခုက မုံလှ၊ သာဝတ္ထိ၊ ကလုံ၊ ငါးရုံကြီး၊ ရှားတော၊ ရှင်မင်းဒွေ၊ သရက်ကုန်း၊ လက်ပံတော အဲ့ဒီစတဲ့ ၈ ရွာပေါ့။ အားလုံးပေါင်း ၉ ထောင် ၁ သောင်းလောက်ရှိမယ်။ အနီးနားဝန်းကျင်က အဲ့နားက ရွာတွေက အလှမ်းမဝေးတော့လေ။”
အခုခင်ဦးမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်တပ်ဟာ ခင်ဦးမြို့နယ်ထဲကို မဝင်ရောက်ခင် ရေဦးမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပါသေးတယ်။ ရေဦးမြို့ပေါ်ကနေ မတ်လ ၄ ရက် မနက်အာရုံတက်အချိန်မှာ မြို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ ဖလံခုံကျေးရွာကို ဝင်ရောက်လာခဲ့ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပါတယ်။ ဒီအခြေအနေတွေကို သိရှိတဲ့ ရေဦး ဒေသခံတဦးက အခုလို ပြောပြပါတယ်။
“မနက်ကို ၃ နာရီကျော်ကျော်လောက်ကတည်းက သူတို့ စကစ တွေက စစ်ကောင်စီတပ်တွေက ကျွန်တော်တို့ရွာထဲကို ရောက်နေတယ်လို့ သိရတယ်။ ၅ နာရီခွဲလောက်မှာ ဖလံခုံကျေးရွာထဲမှာ အခြေပြုထားတဲ့ စာသင်ကျောင်းမှာ အခြေပြုထားတဲ့ အဖွဲ့တွေကို ဝင်စီးတယ်ပေါ့။ စာသင်ကျောင်းထဲကို 40 နဲ့ ပစ်တယ်။ ပစ်ပြီးတော့ တံခါးတွေ အကုန်ဆွဲဖွင့်ပြီးတော့ အဲ့မှာ တန်းပြီးတော့ အကုန်စပစ်တော့တာပဲ။ ရဲဘော်နဲ့ ကျေးရွာလုံခြုံရေးနဲ့ ပေါင်းထားရင် ၁၇ ယောက်လောက်တော့ရှိမယ်။ ၁၇ ယောက်လောက်ကို ဝင်ပစ်တော့ ကျန်တဲ့ ၁၂ ယောက်လောက်ကို စစ်ကြောင်းကနေထွက်နိုင်တယ် ၅ ယောက်ကတော့ အဲ့မှာတင် တခါတည်း ကျသွားတယ်ပေါ့။”
လက်ရှိအချိန်မှာ စစ်တပ်က စစ်ကိုင်းတိုင်းထဲက စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ မြို့နယ်တွေမှာ အရင်ကထက် နယ်မြေရှင်းလင်းရေးတွေ ပိုမိုလုပ်ဆောင်လာနေပြီး တိုက်ပွဲတွေလည်း ပိုမိုများပြားလာသလို ပြည်သူ့ကာကွယ်ရေး အဖွဲ့ PDF တွေအပါအဝင် ဒေသခံတွေ သေဆုံးတာတွေ ရှိလာနေပါတယ်။