သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခင်ဦးမြို့နယ်တွင်း စစ်ကောင်စီနယ်မြေရှင်းလင်းရင်း တိုက်ပွဲဖြစ်


ခင်ဦးမြို့နယ် မြို့သစ်ရွာ နေအိမ်တွေမီးရှို့ခံရ (ဧပြီ ၂၇၊ ၂၀၂၃)
ခင်ဦးမြို့နယ် မြို့သစ်ရွာ နေအိမ်တွေမီးရှို့ခံရ (ဧပြီ ၂၇၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အရှေ့ခြမ်းနဲ့အနောက်ခြမ်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရာမှာ တိုက်ပွဲတချို့ဖြစ်ပြီး ဒေသခံအများအပြား နေရပ်ကတိမ်းရှောင်ကြရပါတယ်။ ပုလဲမှာတော့ စစ်တပ်ဂိတ်စခန်းတခုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တယ်လို့သိရသလို ဆားလင်းကြီးဘက်မှာလည်း နေအိမ်တွေမီးရှို့ခံရပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေအပြည့်အစုံကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

စစ်ရေးပဋိပက္ခတင်းမာနေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ နေအိမ်တွေမီးရှို့ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်အား ၂၀၀ ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၇ ရက်က မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကနေ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အရှေ့ခြမ်းကို ဝင်ရောက်လာပြီး ကုတ္တက်ကျေးရွာနဲ့ ကဘွတ်ကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။ အင်အား ၇၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာလည်း မေ ၈ ရက်မှာ ခင်ဦးအနောက်ဘက်ခြမ်းကို နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ခင်ဦးမြို့နယ်ထဲမှာ ဒေသခံ ၇,၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ ကူညီနေသူတဦးက ပြောပါတယ်။

“မန္တလေးတိုင်းဘက်ကနေ စစ်ကြောင်း ၃ ကြောင်းနဲ့ ကဘွတ်ရွာကိုဝင်တယ်ပေါ့နော်။ ကဘွတ်ရွာကိုဝင်ပြီး ကဘွတ်ရွာကို မနေ့က မီးရှို့တယ်။ ညနေခင်းကျတော့ ကုတ္တက်ရွာကိုဝင်တယ်ပေါ့။ ကုတ္တက်ရွာကို ညနေကျတော့မီးရှို့တယ်ပေါ့။ ကုတ္တက်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ညအိပ်ကြတယ်ပေါ့နော်။ ဒီကနေ့ မနက်အထိ။ အနောက်ဘက်ခြမ်းမှာဆိုရင် အင်အား ၇၀ လောက်ပေါ့နော်။ ရေဦးဘက်ကနေ ညတက်လာတဲ့ဟာက အောင်သာ၊ အင်းပေါက်ဘက်ကို စစ်ကြောင်းထိုးနေတော့ အောင်သာ၊ အင်းပေါက်၊ တဲကုန်းကြီး၊ မရမ်းအင်း၊ ကဒက်ကုန်း၊ ကုန်းသာ၊ မြကန်၊ အင်းပတ် စတဲ့ကျေးရွာတွေ အားလုံးပေါင်း ၈ ရွာလောက်က ရှောင်နေကြရမယ်ပေါ့။ ကျနော်တို့ ၇,၀၀၀ လောက် ခင်ဦးအရှေ့ဘက်ခြမ်းကော အနောက်ဘက်ခြမ်းကော စစ်ဘေးရှောင်နေကြရမယ်ပေါ့။”

ဒေသခံတွေတိမ်းရှောင်နေရတဲ့အတွက် ကဘွတ်ရွာနဲ့ကုတ္တက်ရွာ နေအိမ်မီးရှို့ခံရတဲ့အေရအတွက်ကို အတိအကျ မသိရှိရသေးပါဘူး။ ဒါ့ပြင် ခင်ဦးအရှေ့ဘက်ခြမ်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေရှိနေပြီး စစ်ရေးတင်းမာနေတယ်လို့ ခင်ဦးဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

“အခု ကဘွက်ကုတ္တက်ဘက်ကနေပြီးတော့ အနောက်ဘက်ကို မြို့နယ်အတွင်း ထိုးလာတဲ့ အနေအထားမျိုးဗျ။ မနေ့ကတော့ ကဘွက် ကုတ္တက်ဘက်မှာ ထိတွေ့မှုတွေတော့ရှိတယ်။ မနေ့ကထိတွေ့မှုက တနေကုန်အပြန်အလှန် ပစ်ခတ်မှုတိုက်ခိုက်မှု ဒရုန်းချတယ်။ လက်နက်ကြီး ပစ်တယ်ပေါ့။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ အခုမနက်က ထိတွေ့မှုဖြစ်တယ်။ ကဘွက် ကုတ္တက်ဘက်ကနေ မြို့နယ်အတွင်းကို ထိုးတက်လာတဲ့ပုံစံမျိုးခင်ဗျ။”

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ ဒါက ခင်ဦးထဲက အခြေအနေပါ။ ပုလဲဘက်မှာဆိုရင်လည်း မေ ၈ ရက် မနက်ပိုင်းက ပုလဲမြို့နယ် မုံရွာ-ကျားတက် စစ်ဆေးရေးဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“ပုလဲမြို့ပေါ် ၁၀ နာရီ ၄၄ မိနစ်က တိုက်ပွဲထိတွေ့မှု စဖြစ်တာခင်ဗျ။ ကင်းစခန်း လမ်းဆုံကို ဝင်ပစ်တာခင်ဗျ။ မုံရွာ-ကျားတက် လမ်းဆုံကို ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ပစ်ကြတာ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်တော့ ကြမယ်။”

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်တပ်ဘက်က မုံရွာ-ကျားတက် လမ်းပိုင်းကို ခေတ္တပိတ်ထားခဲ့ပြီး စစ်ဆေးတာတွေလုပ်ခဲ့ပါသေးတယ်။ တဆက်တည်းမှာပဲ မုံရွာနဲ့ဆားလင်းကြီးကို ကူးတဲ့ ဇက်ဆိပ်အနီးက ထန်းတောရွာကိုလည်း မေ ၈ ရက် နေ့လည်ပိုင်းမှာ စစ်တပ်က ဝင်ရောက်လာပြီးတဲ့နောက် နေအိမ်တွေ မီးရှို့ခံရသလို လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG