သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းနဲ့ ကရင်နီဒေသ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ


ယခင်မှတ်တမ်းရုပ်ပုံ | ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ
ယခင်မှတ်တမ်းရုပ်ပုံ | ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ

ရှမ်းနဲ့ ကရင်နီဒေသမှာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် ဒီရက်ပိုင်းမှာ တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ အရပ်သားတွေရှိရာ နေရာတွေအနီး လက်နက်ကြီးကျည် ကျရောက်တာတွေလည်း ရှိနေတာကြောင့် စိုးရိမ်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစံကျော် တင်ပြပေးပါမယ်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်မှာ ဒီကနေ့ အစောပိုင်းအထိ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဖက်က လေကြောင်းကပါ တိုက်ခိုက်တာတွေကြောင့်လည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။

“ပစ်ခတ်မှုရှိတုန်းပဲရှင့် မနေ့ရော ဒီနေ့ရောပေါ့နော် ပစ်နေကြတယ်ရှင့်၊ လက်နက်ကြီးရော ဖယ်ခုံဘက် လက်နက်ကြီးလည်း ပစ်တယ် ပြီးတော့ အဲ့ဒီလက်နက်ငယ်တွေလည်း သူတို့အချင်းချင်းပစ်ခတ်နေကြတာ ရှိတယ်ပေါ့နော် အသံတွေလည်း ကြားနေရတယ်၊ လေယာဉ်နဲ့လည်း လာတယ် ဒီမနက်၊ လေယာဉ်နဲ့လည်း လာကျဲတယ်ပေ့ါနော်။ လက်နက်ကြီးတို့ သူတို့ အချင်းချင်းပစ်ခတ်တာပဲဆိုရင် အဲ့လောက် မစိုးရိမ်ရဘူး၊ လေယာဉ်နဲ့လာတယ်ဆိုတော့ ကိုယ်က ကြောက်နေရတယ် အဲ့မျိုးပေါ့နော် ပိုစိုးရိမ်ရတာမျိုးပေါ့နော်၊ သူတို့ အခုတလောပစ်တာ လေယာဉ်နဲ့ဆိုရင်တော့ ပိုစိတ်တယ်ပေါ့နော်။”

မကြာသေးခင်က စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ရတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ နောက်ထပ် လေကြောင်းက တိုက်ခိုက်တဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ မကြာခဏ ထိခိုက်သေကြေရတဲ့အတွက်လည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“ကြောက်ကြတယ်ရှင့် အဲ့လေယာဉ်တွေ လာရင်တော့ အိမ်မပျော်ဘူးပေါ့နော်၊ လွန်ခဲ့တဲ့ ၃ရက်လောက်ဆိုရင်တော့ ညသန်ခေါင်းအချိန် လာတယ် မနက် ၃နာရီခွဲကနေ မနက် ၈နာရီထိ လေယာဉ်နဲ့ လာကျဲတာပေါ့နော်၊ ဒီတောင်စလုံးတို့ဖက် နောက်…နောင်လုံတို့ဖက် အဲ့ဖက်တကျောပေ့ါ လေယာဉ်နဲ့လာတယ် ပြီးတော့ ရွာဖက်မှာ လေယာဉ်ဝဲလာတယ်ပေါ့နော် အသံအကျယ်ကြီး လက်နက်ကျမှာလည်း ကြောက်တယ်ပေါ့နော် အဲ့မျိုးပေါ့၊ ကလေးငယ်တွေလည်း ရှိတယ်ဆိုတော့ ဟို…ဘာလဲ နည်းနည်းလုံခြုံတဲ့ နေရာပဲ သွားနေရတာမျိုးပေါ့နော်။”

တချိန်တည်းမှာပဲ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ အရပ်သားတွေ နေထိုင်တဲ့နေရာအနီး လက်နက်ကြီးကျည်တွေ ကျရောက်တာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

“လက်နက်ကြီးပစ်ခတ်မှု နေ့တိုင်းလိုလိုပေါ့နော် ဒါမယ့် ဒီမှာတော့ မကျဘူး အဲ့ဘေးနားရွာဖက်မှာတော့ ကျတယ်၊ သူတို့ မနက်မထုလည်း ညဘက်၊ ညဘက်မထုလည်း နေ့လည်ဘက် နေ့တိုင်းလိုလို အဲ့လိုမျိုး ထုတယ်၊ ဒီမနက်တော့ မကြားဘူးပဲ မနေ့ကအထိတော့ နေ့တိုင်းထုတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး အဲ့ဘက်မှာ တိုက်ပွဲမဖြစ်ဘဲနဲ့ သူတို့က သူတို့ဘာသူတို့ အဲ့လိုမျိုး လှမ်းထုတာ။ (စစ်ရှောင်)ပြောင်းရွှေ့တာ ရှိတယ် ကျမတို့ နေတဲ့ မြလဲမှာပေါ့နော် ရွာရဲ့ အပြင်ဘက်မှာလည်း လာနေကြတယ်၊ ပြောင်းရွှေ့လာကြတယ်၊ စစ်ရှောင်တွေက သူတို့ လက်နက်ကြီးနဲ့လည်းထုတယ် နောက် လေယာဉ်နဲ့လည်း ထုတော့လေ ပြောင်းရတာပေါ့။”

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ကြီးထွားလာရာက နေရပ်စွန့်ခွာရသူတွေလည်း တိုးလာနေတာပါ။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA ရဲ့ ဒီလထဲ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပြည်တွင်း ဒုက္ခသည် ၁ သန်း ၈ သိန်း ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG