သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ အကြိမ် ၆၀ ထက်မနည်း ဆွေးနွေးခဲ့ (အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး)


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကို ဂျကာတာမြို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတွေ့ရစဉ် (မေ ၅၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကို ဂျကာတာမြို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတွေ့ရစဉ် (မေ ၅၊ ၂၀၂၃)

မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့အပါအဝင် အရေးပါတဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ မေလ ၅ ရက်နေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုင်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေချိန်မှာ ဒီကနေ့ ဂျကာတာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာပါ။

“ပထမဆုံးပြောချင်တာက၊ ကျမတို့ အဓိကအာရုံစိုက်လုပ်နေတာက မြန်မာ့ပဋိပက္ခအတွက် သက်ဆိုင်သူအားလုံးနဲ့ တတ်နိုင်သလောက် အများဆုံး ထိတွေ့ ဆက်ဆံမှုတွေ လုပ်သွားဖို့ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အာဆီယံဘုံသဘောတူညီချက် (၅) ချက်နဲ့အညီ အားလုံးနဲ့ တွေ့ဆုံဖို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ လတာကာလအတွင်း ထိတွေ့ဆက်ဆံမှုပေါင်း အကြိမ် ၆၀ ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။”

အဲဒီ တွေ့ဆုံမှုတွေကို လူချင်းတွေ့တာ၊ အွန်လိုင်းကနေတွေ့တာ၊ အရေးပါတဲ့နေရာတွေကို လူကိုယ်တိုင် သွားရောက်တာတွေအပြင်၊ မြန်မာ့ပဋိပက္ခမှာ အရေးပါတဲ့ ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ပါဝင်တယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။

အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်စယူတဲ့ အစောပိုင်းကာလတွေမှာ မြန်မာ့အရေးမှာ အရေးပါတဲ့ ပါဝင်ပတ်သက်သူတွေအကြား ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် လျှို့ဝှက် ထိတွေ့ ဆက်ဆံမှုတွေ လုပ်ခဲ့တယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး လပိုင်းအတွင်းမှာဘဲ အာဏာသိမ်း စစ်ခေါင်းဆောင် အပါအဝင် အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားပြီး အင်ဒိုနီးရှားက အိမ်ရှင်အဖြစ်နဲ့ ကမကထပြုပြီး ပထမဆုံးအကြိမ် မြန်မာအရေး ဆွေးနွေးမှုကို စတင် ပြုလုပ်ခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း ဂျကာတာမြို့မှာပြုလုပ်တဲ့ အဲဒီ အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာဘဲ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေပြေလည်ရေးအတွက် ဒေသတွင်းနိုင်ငံတွေထဲမှာ၊ အထူးသဖြင့် အာဆီယံ နိုင်ငံတွေအကြားမှာ အင်ဒိုနီးရှားဟာ အစောပိုင်းကတည်းက တက်တက်ကြွကြွ ပြောဆို လုပ်ဆောင်နေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG