သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင်တွင်း တိုက်ပွဲပြင်းထန်နေလို့ ဒေသခံရာနဲ့ချီ ထွက်ပြေး


ယခင်မှတ်တမ်းရုပ်ပုံ | ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ တက်ခရိုင်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်များ (ဧပြီ ၆၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ တက်ခရိုင်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်များ (ဧပြီ ၆၊ ၂၀၂၃)

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအတွက် အရေးပါတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းယူခဲ့ပြီးတဲ့နောက် ဇူလိုင်လ ၂၄ ရက်နေ့ကစလို့ နှစ်ဘက် အပြန်အလှန် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီလို တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း နေရပ် မပြန်နိုင်ကြဘဲ ဖြစ်နေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့အနီးမှာရှိတဲ့၊ စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့ လက်ခတ်တောင်တာဝါတိုင် စခန်းကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF စစ်ကြောင်း စတဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် ၂၀ ကနေ ၂၁ ရက်နေ့အထိ ၂ ရက်ကြာ တိုက်ခိုက်ပြီး သိမ်းယူခဲ့တာပါ။ ဒီစခန်းဟာ စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့ စခန်းဖြစ်တာကြောင့်ရော၊ နောက်တဆင့်တက်ပြီး မြဝတီကိုပါ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်လာမှာကို စိုးရိမ်တာကြောင့်ရော စစ်ကောင်စီတပ်တွေဘက်ကလည်း အခုအခါမှာ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။ လက်ရှိ နှစ်ဘက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတဲ့အကြောင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးက ပြောပါတယ်။

"မနေ့က နေပြီးတော့ တိုက်ပွဲတွေ ပြင်းထန်နေတာပေါ့နော်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ရက်နေ့က လက်ခတ်တောင်က တာဝါ တိုင်ကုန်းကိုကျနော်တို့ ကေအန်အယ်လ်အေ ကော်ဘရာစစ်ကြောင်း စတဲ့ပူးပေါင်းအဖွဲ့တွေကသိမ်းပိုက်လိုက်တယ်။ သိမ်းပိုက်လိုက်တဲ့အချိန်မှာ တပ်ရင်းမှူးတို့ ဒုရင်းမှူးတို့က ဆုတ်ခါခွင့်အမိန့်မရဘဲ ထွက်ပြေးတဲ့အတွက်လည်း အရေးယူ ခံရတယ်လို့သိရပါတယ်။ အခု တပ်မ၄၄ တပ်မမှူး ကိုယ်တိုင်ကြီးကြပ်ပြီးဒီကုန်းတွေကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက်လည်းခမရ(၂) နှင့် ခမရ(၁၁၈) စုပေါင်းပူးပေါင်းအင်တား ထုတ်နုတ်အင်အား (၁၀၀) ကျော်နဲ့ထိုင်းစစ်တင်တိုက်ခိုက်ပြီး တက်လာတယ်။ ကျနော်တို့ဘက်ကလည်း ပြန်လည် တိုက်ခိုက်နေတဲ့အတွက် သူတို့ဘက်က ထိခိုက်ဒဏ်ရာ ရတာလည်း များတယ်။"

ဇူလိုင် လဆန်းကစပြီး လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို သိမ်းယူဖို့ ပူးပေါင်း တပ်ဖွဲ့တွေက ကြိုးစားခဲ့ကြသလို၊ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တွေကလည်း လက်ခတ်တောင်အနီး ကျေးရွာတွေကို နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် ဒေသခံ ၅၀၀ ထက်မနည်းဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို ပြောင်းရွှေ့နေထိုင်နေရပါတယ်။ အခုဆိုရင် စစ်ကောင်စီဘက်ကလည်း စစ်ရေးအရ အရေးပါတဲ့ တာဝါတိုင်ကုန်းကို ပြန်ရဖို့ အင်အား အလုံးအရင်းနဲ့ တက်လာတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဒါကြောင့် စိုးရိမ်ထိတ်လန့်နေကြတဲ့ ဒေသခံတွေ နေရပ် စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း သူက ပြောပါတယ်။

"လက်ခတ်တောင်ကုန်းကိုရတဲ့အတွက် မဟာဗျူဟာမြောက်တဲ့ကုန်းဖြစ်တဲ့အတွက် မြဝတီမြို့က လူတွေက မနေထိုင်ရဲကြတော့ဘူး ထွက်ပြေးတိမ်းရှောင်ကြတယ်၊ နီးစပ်ရာနေရာကိုပြောင်းတယ်။ မဲဆောက်ဘက်ကိုလည်းထွက်ပြေးတိမ်းရှောင်လာတာလည်းရှိတယ်"

ဒီအတောအတွင်း ပွင်းလင်းအေးမြိုင်၊ မေတ္တာလင်းမြိုင်၊ အတွင်းမဲကနယ် ကျေးရွာတွေမှာလည်း အိမ်တွေပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ ဒေသခံ တဦး သေဆုံးခဲ့ပြီးတဲ့နောက် ရွာထဲမှာမနေရဲဘဲ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက အဲ့ဒီဒေသမှာ လက်နက်ကြီးတွေ တပ်ဆင်တာတွေ လုပ်နေပြီး တောနဲ့နီးတဲ့ရွာတွေက အိမ်တွေကို ဖယ်ပေးဖို့ ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့တွေကို ဖိအားပေး ပြောဆိုနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီလိုအခြေအနေကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာဖွယ်ရှိတယ်လို့ဆိုပြီး ဒေသခံတွေကတော့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

XS
SM
MD
LG